၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။
ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊ ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။
“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။
အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။
“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။
အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြ ကာ တရားရုံးမှ ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။
အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ်တောတွင်း အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။
ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။