ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို ပြောသည်။
“ရန်ပုံငွေရှာတာရယ်၊ လှုပ်ရှားမှုလေးတွေပေါ့။ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုပြီးတော့ ရန်ပုံငွေရှာတာပေါ့။ အလှူငွေ မရရင်လည်း ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကို သီချင်းဆိုရင်း ပြောနေမှာပေါ့ဗျာ။ လူထုကြားထဲကို ရောက်သွား အောင်ပါ” ဟု ကိုရဲလွင် က ပြောသည်။
ပန်းရဲ့လမ်း အဖွဲ့တွင် အဆိုတော်နှင့် တေးရေးဆရာများဖြစ်သည့် သားထွေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်တို့ဖြင့် ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ Morning Star လက်ဘက်ရည်ဆိုင်၊ အလုံမြို့နယ်ရှိ IC၊ ကြည့်မြင်တိုင်ရှိ ဒေါ်ကြည် လက်ဘက်ရည်ဆိုင်များတွင် ဖျော်ဖြေခဲ့ပြီး ရန်ပုံငွေ ၉ သိန်းကျော် ရရှိသည်ဟု ကိုရဲလွင်က ပြောသည်။
“ကျနော်တို့က တကယ်ငြိမ်းချမ်းရေး လိုချင်လို့ ထလုပ်တာပဲလေ။ အရင်တုန်းကတော့ ဒါမျိုးလည်း ကျနော်တို့ ထလုပ် တာမရှိဘူး။ ကျနော်တို့ လုပ်ခွင့်ရတာလည်း မရှိဘူး။ ကျနော်တို့ သီချင်းဆိုတာက လွတ်လွတ်လပ်လပ် ဆိုခွင့်ရတယ် ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ ဖန်တီးတာပဲ။ ကိုယ့်ကိုအားပေးတဲ့ ဆိုင်တွေမှာ အလှူငွေ ကောက်တဲ့ ပုံစံမျိုးလေးပါ။ အရေးကြီးဆုံးကတော့ စစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ရည်ရွယ်ပါတယ်။ လူရင်းတွေချည်းပဲ ကျနော်တို့ စုဖွဲ့ထား တာပါ” ဟုလည်း ကိုရဲလွင် က ပြောသည်။
ပန်းရဲ့လမ်း အဖွဲ့သည် ရန်ကုန်မြို့တွင်း လက်ဘက်ရည်ဆိုင်များတွင် တပတ်လျှင်တကြိမ် ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်ပြီး ရရှိသည့် လှူဒါန်းငွေများကို တလတကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များထံ ပေးပို့ လှူဒါန်းသွားမည်ဟုလည်း သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ကြား ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသတွင် တနင်္ဂနွေနေ့က တိုက်ပွဲငယ် တခု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၀ ခန့် တရုတ်နယ်စပ်သို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည်ဟု လည်း KIO စစ်ပြေး ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
“မနေ့ကဆိုရင် အိမ်ခြေ ၂ဝ ကျော်ရှိတဲ့ ရွာမှာ လက်နက်ကြီး ကျည်ဆံကျလာတဲ့အတွက် ပြောင်းလာဖို့ ရှိပါတယ်။ မိုးကလည်း ဝင်လာတော့မယ်။ လူဦးရေကလည်း ဒီလောက် များတယ်ဆိုတော့ စားရေးသောက် ရေးကတော့ ပူပန်ပါ တယ်။ ဒါ့ကြောင့် ကူမယ့်လူ မရှိရင်တော့ ကျနော်တို့အတွက် စိတ်ပူစရာတွေအများ ကြီးရှိပါတယ်” ဟု မဇ္ဈိမကို ပြော သည်။
တရုတ်နယ်စပ်တွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၁၉ ခုခန့် ရှိနေပြီး ကချင်ပြည်နယ် အတွင်းရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်းမော်နှင့် မန်ဝင်းကြီး မြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄ဝ ကျော်ရှိနေသည်။
ဒုက္ခသည်စခန်းအားလုံးတွင် ဒုက္ခသည်ပေါင်း ငါးသောင်းကျော် ခုံလှုံနေနိုင်သည်ဟု ဒုက္ခသည် ကူညီရေးကော်မတီက ခန့်မှန်းထားသည်။
ဧပြီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဒုက္ခသည်စခန်း ၁၁ ခုသို့ သွားရောက်ကာ အလှူငွေ သိန်း ၃ဝဝ လှူဒါန်းခဲ့သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က မဇ္ဈိမကို ပြောသည်။
“စုနေကြတယ်၊ စုချက်စားကြတယ် ကူညီမယ့်လူကတော့ ဒုက္ခရောက်နေတဲ့သူထက်စာရင် နည်းတယ်ဗျ။ သူတို့ပြော တာကတော့ အဓိက လိုတာကတော့ ငြိမ်းချမ်းရေးပဲပေါ့။ သူတို့ ဒုက္ခသည် စခန်းတွေမှာမနေချင် တော့ဘူး။ အဲဒါမျိုးတွေ ပြောကြပါတယ်” ဟု ရဲတိုက်က မဇ္ဈိမကို ပြောသည်