ခွန်ထွန်းဦးအပါအဝင် တက်ကြွလှုပ်ရှားသည့်ခေါင်းဆောင်များအား တောင်ကြီးလူငယ်များဖိတ်ခေါ်တွေ့ဆုံ

ခွန်ထွန်းဦးအပါအဝင် တက်ကြွလှုပ်ရှားသည့်ခေါင်းဆောင်များအား တောင်ကြီးလူငယ်များဖိတ်ခေါ်တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

SLY (Star Light Youth) လူငယ်များကွန်ယက်က ကမကထပြုကာ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့၌ ကျင်းပရာ SNLD ဥက္ကဌ ခွန်ထွန်းဦးက လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ငြိမ်းချမ်းရေးဖော် ဆောင်ရေးကို အဓိကထား ထည့်သွင်း ပြောဆိုဆွေးနွေးကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ ပြောရေးဆိုခွင့်ရှိ သူကပြောသည်။

ဆရာဦးမြင့်သန်း၏ရက်လည်ဆွမ်းသွတ်၌တွေ့ရသည့်ခွန်ထွန်းဦး၊ စဝ်ဆေထဲန့်နှင့် ကိုကိုကြီး(ဓါတ်ပုံ-မိုးမခမှကူးယူသည်)
မေလ ၃ ရက် က မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ တောင်ကြီးမြို့ Classic စားသောက်ဆိုင်၌ စတားလိုက်လူငယ်များ ကွန်ယက်အဖွဲ့တဖွဲ့က ကမကထပြုကာ အခမ်းအနားတရပ် ကျင်းပခဲ့သည်ဟုဆို၏။ လူငယ်များဖိတ်ခေါ်ခြင်းကြောင့် အခမ်းအနားတက်ရောက်သည့် ပုဂ္ဂိုလ်များမှာ - SNLD ဥက္ကဌ ခွန်ထွန်းဦး၊ SSPP/SSA နာယက ဗိုလ်ချုပ်ဆေထဲန် ၈၈ ကျောင်းသားများအဖွဲ့ ကိုဂျင်မီ၊ သျှမ်းပြည်မျိုးဆက်သစ် လူငယ်ကျောင်းသားများအဖွဲ့မှ ဦးထွန်းညို စသည့်ရှိပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရှိရပါသည်။

“ အခမ်းအနား စီစဉ်တဲ့အဖွဲ့ရဲ့နာယက ဒေါက်တာနှင်းရီအေးက ကြယ်စင်ပန်းပျိုးခင်းအကြောင်း ပြောသွား တယ်။ ဦးထွန်း ညို ကတော့ တောင်ကြီးမြို့ရဲ့ပုံရိပ်ကိုပြောသွားတယ်။ ခွန်ထွန်းဦးကျတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ တိုင်းရင်းသား တွေရဲ့အရေးအဓိကထားပြီးပြောတယ်။ ၈၈ ကျောင်းသားများအဖွဲ့က ကိုဂျင်မီကတော့ Open Society ဆိုတဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းအကြောင်း ပြောပါတယ်။ အထွေထွေ သဘောမျိုးဆန်ပါတယ်” ဟု စိုင်းလိတ်က ပြောသည်။

အဆိုပါဆွေးနွေးပွဲကို  ၃ နာရီကြာကျင်းပခဲ့ရာ  - ၂၀၀၈ ဖွဲ့စည်းပုံ နှင့် ပတ်သက်ပြီး  SNLD သဘောထား အမြင်၊ ကြား ဖြတ်ရွေး ကောက်ပွဲ၌ NLD အောင်နိုင်ရခြင်း အကြောင်းရင်းများအား လူငယ်တဦး၏မေးမြန်း ချက်အရ ခွန်ထွန်းဦးက ပြန်လည်ပြောပြခဲ့ကြောင်း ဆိုပါသည်။

“ကြားဖြတ်ရွေးကောက်ပွဲတုန်းက NLD ပါတီ ဘာကြောင့် အောင်မြင်သလဲလို့လူငယ်တဦးကမေးတယ်။ အဲဒီမေးခွန်းကို ခွန်ထွန်းဦးကလဲ ဒေါ်စုကိုတွေ့ဆုံစဉ်မေးဖူးတယ်။  ဒေါ်စုပြောပြဖူးတဲ့ဟာကို ဦးခွန်ထွန်းဦးက - ၁- ဗိုလ်ချုပ်အောင်ဆန်း ကြောင့်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ် ကနေ့ထိ မြန်မာပြည်သူတွေအပေါ် လွမ်းမိုးမှ ုရှိ နေသေးတယ်ဆိုတာ ပြလိုက်တာဘဲ။ ၂- ဒေါ်စုရဲ့ပုံရိပ် ။ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အမျိုးသမီးခေါင်း ဆောင်ကောင်းတယောက် လူထုကလက်ခံလို့ သူတို့ နိုင်ရခြင်းအကြောင်းရင်း တရပ်မှာပါတယ်။ ၃-   NLD ရဲ့ စွန့်စားရင်းနှီးရမှုတွေ။ နောက်တခုက လက်ရှိ မြန်မာ ပြည်သူ လူထုအနေနဲ့ စီးပွါးရေး လူမှုရေး အစရှိ အကျပ်အတည်းပေါင်းစုံကို ခါးစည်းခံလာရတာ နှစ်ပေါင်းမနည်းတော့ဘူး။ အဲဒီ အခက်အခဲတွေကနေ လွန်မြောက်ချင်လို့ NLD ကိုမဲပေးကြတာ။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲတုန်းက NLD ပါတီ အောင်နိုင်ခဲ့တာဖြစ်ပါတယ်လို့ ပြန်ဖြေတယ်ဆိုတဲ့အကြောင်း ခွန်ထွန်းဦးက အဲဒီဆွေးနွေးပွဲမှာ ပြန်လည်ပြောပြခဲ့ပါတယ်။ ” ဟု စိုင်းလိတ်က ရှင်းပြသည်။

ကနေ့ခေတ်  လူထုက Regime Change ဟူသော အစိုးရတရပ် အပြောင်းအလဲ အကြောင်းနားမလည်ကြ သေးသဖြင့် မိမိတို့ နိုင်ငံရေးနိုးကြားတက်ကြွသူများအနေဖြင့် တိုင်းရင်းသားပြည်သူများအား နိုင်ငံရေးအသိ အမြင် လမ်းပြပေးဖို့၊ စည်းရုံး လှုံ့ဆော်ပေးဖို့၊  Regime Change များချပေးဖို့လိုအပ်ကြောင်း၊ ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးက အရေးကြီး သည်ဟုဆိုသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို မျက်ကွယ်မပြုသင့်ကြောင်း ပရိသတ်များ၏ အမေးကို ဥက္ကဌကြီးက  ပြန်လည်ဖြေကြားခဲ့ကြောင်း ဆိုပါသည်။

Most read this week