သျှမ်းပြည်တပ်မတော်လှုပ်ရှားခြင်းမရှိအောင် အစိုးရတပ်ဖြန့်ကျက်ထား

သျှမ်းပြည်တပ်မတော်လှုပ်ရှားခြင်းမရှိအောင် အစိုးရတပ်ဖြန့်ကျက်ထား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် သျှမ်းပြည်တပ်မတော် ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်း အစိုးရ တပ် များ ဖြန့်ကျက်ထားကြောင်း ဒေသခံများက ပြောပါသည်။

သိန္နီမြို့မြင်ကွင်း(ဓါတ်ပုံ-SLMY ၏ Facebook မှ)

“ကျမတို့ စယ်အူ ဘက်က ကျေးလက်ပိုင်းတွေမှာ ဆို ဘုန်းကြီးကျောင်း စာသင်ကျောင်းတိုင်းမှာ ဗမာစစ်သား အပြည့်နဲ့ စစ်ကားတစ်စီးလွှတ်ထားတယ်၊ သျှမ်းသူပုန်တွေ ကျေးရွာထဲလာပြီး ထမင်းတောင်းစားမှာ စိုးလို့တဲ့” - ဟု ဒေသခံ သျှမ်းအမျိုးသမီးငယ် နန်းခမ်းဖေါင် ကပြောပါသည်။

သိန္နီမြို့နယ် အရှေ့ဘက်ခြမ်း (သိန္နီ - ကွန်လုံကားလမ်း မြောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်း) ရှိ သျှမ်းရွာများ တဝိုက်၌ အစိုးရတပ်များဖြန့်ကျက်ထားခြင်းဖြစ်ပြီး၊ စစ်ကြောင်းတခုလျှင် လူအင်အား ၂၀ ကျော်ရှိ ကြောင်း၊ သိန္နီမြို့အခြေစိုက် စကခ ၁၆ မှူး ဗိုလ်မှူးကြီးနေဝင်းအောင်မှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိန္နီတပ် မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“အဲဒီဘက်က ကျနော်တို့ထိန်းချုပ်လှုပ်ရှားတဲ့နယ်မြေတွေဘဲ။ ၂၀၀၅ ခုနှစ်အထိတုန်းကတော့ ကျနော်တို့ သျှမ်းတပ်တခုဖြစ်တဲ့ စဝ်ကန္န ထိန်းချုပ်နယ်မြေလေ။ ကျနော်တို့တော့ အထက်အမိန့် ချမလာသေး သရွေ့ တော့ ဒီတိုင်းဘဲ သွားလာနေမှာဘဲ။   သူတို့ဘက်က စပစ်ရင်တော့ ကိုယ့်ကိုယ်ကာကွယ်တဲ့ အနေ နဲ့ ပြန်ပစ်မှာဘဲ။ ကိုယ့်ဖက်က စပစ်တာတော့ မလုပ်ပါဘူး ” - ဟု အမည်မဖေါ်လိုသည့် လားရှိုးရောက် သျှမ်းတပ်အရာရှိတဦးကပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလကလည်း SSPP/ SSA တွင် သီပေါ၊ လားရှိုး နှင့် ကျေးသီး၊ တန့်ယန်း၊ မိုင်းရှူးမြို့နယ်အတွင်း တပ်မဟာ ၅ ခု၊ သိန္နီ၊ နမ္မတူမြို့ နယ်ဘက်အပါအဝင် ကားလမ်းမြောက်ဘက်ခြမ်း၌ တပ်မဟာ ၃ ခု ထပ်မံတိုးချဲ့ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ကိစ္စအားလည်း ပဏာမ အဆင့်တွေ့ဆုံဆွေးနွေးစဉ် အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

အမှတ် ၁၆ (စကခ) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မှူး ဗိုလ်မှူးကြီး နေဝင်းအောင်က ၎င်းလှုပ်ရှားနေသည့် ဒေသအတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်များ စစ်ဝတ်စုံအပြည့်နှင့်မတွေ့လို မမြင်လိုဟု လက်အောက်ခံတပ်မှူးများအား ဧပြီလအတွင်းက ပြောကြားဖူးပါသည်။

SSPP/SSA သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတို့ ယခုနှစ်ဆန်းပိုင်းက ပဏာမအဆင့်၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ခဲ့သော်လည်း အစိုးရပ်တပ်နှင့် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သည်ဟု SSPP/SSA မှဆိုပါသည်။