မေလ ၅ ရက်နေ့မှ မြန်မာ အနောက်ဘက် နယ်စပ်တွင် သင်္ကြန် ပြီးဆုံး

မေလ ၅ ရက်နေ့မှ မြန်မာ အနောက်ဘက် နယ်စပ်တွင် သင်္ကြန် ပြီးဆုံး
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ရခိုင်သင်္ကြန်ကို ဆက်တိုက် ကျင်းပလာရာ ယနေ့ မေလ ၅ ရက်နေ့မှာ သင်္ကြန် နောက်ဆုံးရက် ဖြစ်သည်ဟု သတင်း ရရှိသည်။

မောင်တောမြို့မှ ဘုရားရေချိုး (ရေသပ်ပယ်) ရန် သွားနေကြသည့် အမျိုးသမီးများ
" ဒီနေ့က သင်္ကြန် နောက်ဆုံး ဖြစ်ပါတယ်။ ကျောက်ပန်းတူ ရွာမှာ ရွာပေါင်း ၅ ရွာက လူတွေ စုဆုံပြီး ဆရာ ကန်တော့ပွဲ လုပ်ပြီး သင်္ကြန်ကို ဒီနှစ် အတွက် အဆုံးသတ်မှာ ဖြစ်ပါတယ်" ဟု ကျောင်းထိုင် ဆရာတော် တစ်ပါးက မိန့်ကြားသည်။

ကျောက်ပန်းတူ ကျေးရွာသို့ မောင်တော တောင်ပိုင်းတွင် တည်ရှိသော အင်းဒင်၊ ပဲရုံ၊ ချိန်ခါလီ၊ ဒုံးပိုက် ကျေးရွာများမှ ရွာသားများ လာရောက် စုဆုံကြပြီး ကျောင်းထိုင်ဆရာတော်အား ကန်တော့ကာ သင်္ကြန်ကို နောက်ဆုံးနေ့ အဖြစ် ကျင်းပခဲ့ကြသည်။

" ဦးဇင်းတို့ ဒီမှာ အစဉ်အလာက သင်္ကြန်ပီးရင် အနီးအနားက ရွာတွေက စုပေါင်းပြီး သက်တော်၊ ၀ါတော်ကြီး ဆရာတော် ရှိတဲ့ ရွာကို ပထမဆုံး သွားရောက်ပြီး ဆရာတော်ကို ကန်တော့ကြတယ်။ အဲသလို သွားကန်တော့တဲ့ အခါ အဲဒီ ရွာခံ ကျေးရွာက ဆရာတော်ကို ကန်တော့ လာတဲ့ တခြား ကျေးရွာသားတွေကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးတယ်။ အဲဒီ ဆရာတော်ကြီးကို ကန်တော့ ပီးရင် နောက်ထပ် နေ့တွေမှာ တရက်ပြီး တရက် တခြားကျေးရွာက ဆရာတော်ကြီးတွေကို ၀ါတော် အလိုက် ရွာတွေက စုပေါင်း သွားရောက်ပြီး တစ်ရွာပြီး တစ်ရွာ ကန်တော့ကြပါတယ်။ ဒီမှာတော့ ဒီပွဲကို ကျွန်းစုပွဲလို့ ခေါ်ပါတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ ကျေးရွာတစ်ရွာတွင် ဆရာတော်ကို ကန်တော့ရန် ကျေးရွာသားများ စုဆုံတိုင်း ရွာခံ ကျေးရွာတွင် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်း ကျင်းပ ပြုလုပ်လေ့ရှိပြီး လူငယ်များ အကြားတွင်လည်း အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းလိုက်ဖြစ်စေ ရေပက် ကစားကြသည်ဟု ဆိုသည်။

" ဟုတ်ကဲ့။ ဒီနေ့ ကျောက်ပန်းတူမှာ နောက်ဆုံးဆိုတော့ ဘော်လုံးပွဲပါတယ်။ အမျိုးသားပြိုင်ပွဲရော၊ အမျိုးသမီးပြိုင်ပွဲရော ပါ၀င်ပါတယ်။ ဘုရားရေသပ္ပါယ်ပြီးတာနဲ့ ဆရာတော်ကို ကန်တော့တယ်။ ရေလောင်းသူ လောင်းပေါ့။ အခု ညနေပိုင်းမှာ ဘော်လုံးပွဲကို စတင် ကျင်းပနေပါပြီ"ဟု ဒေသခံ လူငယ် တစ်ဦးကလည်း ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် အစိုးရ၏ အစီအစဉ်များ တည်ဆောက်သော ဗုဒ္ဓဘာသာ ကျေးရွာများ ပေါ်ပေါက်လာသဖြင့် ယခုလို သင်္ကြန်ကာလ အတွင်း ကျွန်းစုပွဲခေါ် ဆရာ ကန်တော့ပွဲများကို ပြုလုပ်လာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week