အစိုးရနှင့် KIO အပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း တိုးတက်ပြောင်းလဲမှု မရှိသည့်အဖြစ်ကို သင်ခန်းစာယူကြရန် ကချင် လူမှုဖွံ့ဖြိုးတိုးတက် ရေးကွန်ယက်အဖွဲ့(KDNG) က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးလိုက်သည်။
ယမန်နေ့က ကချင်“ဖွံ့ဖြိုးတိုးတက်ရေး”မှ ကြံုတွေ့ရသော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် KDNG မှ အစီရင်ခံ စာတစောင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင် လက်ရှိ အစိုးရနှင့် KIA တို့ တိုက်ပွဲများ ဆက်ဖြစ်နေခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာခြင်း၊ မူးယစ်ဆေး ၀ါး ဖြန့်ဝေသုံးစွဲခြင်း၊ လယ်ယာမြေသိမ်းဆည်းခြင်း၊ စစ်ပြေးဒုက္ခသည် ပိုများလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို ထောက်ပြပြောဆိုထားသည်။
ထိုအစီရင်ခံစာများ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ KDNG ဒုဥက္ကဌ စာဂျီက “ဒီလိုမျိုး ထုတ်ဖော်ရေးသား လိုက်ခြင်းဖြင့် ကချင်ပြည် သူအတွက် လက်ရှိအခြေအနေနဲ့ အတိက်က ဖြစ်ပျက်ခံစားနေရတဲ့ အတွေ့အကြံု ကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ မမေ့အပ်တဲ့ သင်္ခန်းစာကို ကချင်ပြည်သူတွေ သိလာမယ်။ တခြားတိုင်းရင်းသား ညီအကိုတွေလည်း သိစေချင်တဲ့အနေနဲ့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို KIO မှ ၁၇နှစ်ကြာ သဘောတူ လုပ်ဆောင်ခဲ့သော်လည်း ကချင်လူထု၏ မျှော်လင့်ချက်ကို အစိုးရမှ ဖေါ်ဆောင်ပေးခြင်း မရှိခဲ့သည့်အပြင် ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နည်းစနစ်မကျသော သယံဇာတထုတ်ယူခြင်း၊ ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ခြင်း ပြဿနာများ ပို၍ဆိုးရွားလာနေသည်ဟု KDNG ဒုဥက္ကဌက ဆက်ပြောသည်။
“ကချင်လူထုတွေ အတိတ်က ခါးသီးလှတဲ့ အတွေ့အကြံုကို ပြန်လည်သုံးသပ်နိုင်ဖို့ ကျန်တဲ့ တိုင်းရင်းသား ညီအကိုတွေကလည်း ကချင် ပြည်သူများခံစားခဲ့ရတဲ့ အတွေ့အကြံုလို ထပ်မခံစားရအောင် ကြိုတင်ပြင်ဆင် နိုင် ဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်အောင် ရေရှည်တည် တ့ံခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ တကယ်ပဲ လိုအပ်နေတာကို သတိထားသင့်ပါတယ်”ဟု ပြောသည်။
ယခင်အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း စစ်အစိုးရတပ်များ လာရောက်စခန်းချခြင်း၊ အုပ်ချုပ်ရေးရုံးသစ်များကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းနှင့် အလုပ်သမားများအား မတရားခိုင်းစေခြင်း၊ အဓမ္မပြုကျင့်ခြင်း အပါအဝင် စစ်အာဏာပိုင်၏ အပေါင်းဖော်ဖြစ်သူ အကြီးစား စီးပွားရေးသ မား ဌေးမြင့်နှင့် ၎င်းပိုင် ယုဇနကုမ္ပဏီမှ ဟူးကောင်းကျေးရွာရှိ ပြည်သူတို့အား နေရပ်မှ အဓမ္မ ရွှေ့ပြောင်းစေကာ မြေဧက ၂၀၀,၀၀၀ကို သိမ်းယူခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးကျားထိန်းသိမ်းရေးစခန်းမှ သဘာဝလောင်စာဆီ ထုတ်လုပ်နိုင်မည့် တသီးစားအပင် စိုက်ပျိုးရေးကို လုပ်ဆောင်ခဲ့ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် မြစ်ကြီးနားရှိ ရှာတာပူနှင့် ဒူကထောင်း မျိုးနွယ်စုများရှိ မိသားစုတိုင်း ဘိန်းစွဲဝေဒနာ ခံစားနေကြရ သလို ဟူးကောင်းကျေးရွာရှိ သတ္တုတွင်းလုပ်ကိုင်သည့် မြို့နယ်တစ်ခုတွင်မူ ခန့်မှန်းခြေအားဖြင့်သတ္တု လုပ်သား ၈၀% မှာ ဘိန်းမဲစွဲနေကြပြီး မူးယစ်ဆေးစွဲခြင်း ရာဇ ၀တ်မှုများ၊ လောင်းကစားခြင်းများနှင့် လိင်ဖျော်ဖြေ ရေးရုံများ တိုးပွားလာခြင်းတို့ကြောင့် ခုခံအားကျဆင်းသည့်(HIV/AIDS) ရောဂါ ပိုမို ဖြစ်ပွားလာ သည် ဟု ၎င်းအစီရင်ခံစာထဲတွင် ဆက်လက် ဖော်ပြထားသည်။
KDNG သည် ၂၀၀၅မှ ၂၀၁၂ခုနှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပျက်နေသော လူမှုဒုက္ခဆိုင်ရာပြဿနာများကို သုသေသနပြုခဲ့ပြီး သက် ဆိုင်ရာ ဒေသခံလူထု ၃၀၀ဦးကို တွေ့ဆုံမေးမြန်းခြင်း၊ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ယူခြင်း ဖြင့် လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်။
ယင်း အချက်အလက်များပေါ် အခြေခံ၍ အမှောင်လွမ်းနေသောချိုင့်ဝှမ်း (Valley of Darkness)၊ ဧရာဝတီ မြစ်ကို ပိတ်ဆို့ခြင်း (Damm-ing The Irrawaddy)၊ ရေဖုံးလွှမ်းခြင်းကို ခုခံတားဆီးခြင်း(Resisting of The Flood)၊ ဒေသခံပြည်သူများ၊ သူဌေးများနှင့် ကျားများ (Ty-rants, Tycoons and Tigers) နှင့် Blood Jade စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။