NDP ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမန် ပါလီမန် လေ့လာရေး သွားမည်

NDP ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမန် ပါလီမန် လေ့လာရေး သွားမည်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်နှင့် လွှတ်တော် ကိုယ်စား လှယ်အဖွဲ့သည် မေလ (၅)ရက်နေ့တွင် ဂျာမဏီနိုင်ငံ ပါလီမန်ကို လေ့လာရေးခရီး သွားရောက်မည် ဖြစ်သည်။

Dr-Aye-Maung-RNDP
“ ကျွန်တော်တို့ကို ဖိတ်ခေါ်တာက ဂျာမန်ပါလီမန်၊ အထက်နဲ့ အောက် ပါလီမန်၊ ဒေသပါလီမန် နှစ်ရပ်ပါ။ ကျွန် တော်တို့ သွားဖို့အချိန်ကလည်း ပါလီမန် ကျင်းပတဲ့ ကာလနဲ့ ကြံုပါတယ်။ ဒီလ ရ ရက်နေ့က ၁၁ ရက် နေ့ထိ ဂျာမန် ပါလီမန် ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ ပါလီမန်ကျင်းပပုံ၊ သူတို့ရဲ့ အဆိုတင်သွင်း မေးမြန်းပုံ၊ ပြန်ဖြေကြားပုံ၊ ကြားနာပုံ စတာတွေကို ကျွန်တော်တို့က မျက်မြင် ကိုယ်တွေ့ လေ့လာမှု ပြုလုပ်မှာ ဖြစ်ပါ တယ်” ဟု အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိရဥ္စရာသို့ ပြောသည်။

ဂျာမဏီနိုင်ငံ သွားမည့် ကိုယ်စားလှယ်များမှာ ဒေါက်တာအေးမောင်၊ ရှမ်းပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည် ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်နှင့် အမျိုးသားဒီ မိုကရေ စီအဖွဲ့ချုပ်မှ ဦးမင်းဦး၊ ဒေါက်တာလှမြတ်သွေးတို့ ပါ၀င်မည်ဟု သိရသည်။

" အကျိုးကျေးဇူးကတော့ ရှိသင့်သလောက် ရှိမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဥရောပမှာ ဂျာမန် နိုင်ငံဟာ ဒီမိုကရေစီ စနစ် ရှေ့ကို ရောက်နေတဲ့ နိုင်ငံဖြစ်တယ်။ နောက်ပြီးတော့ ဒေသ ပါလီမန်နဲ့ အစိုးရရဲ့ ဆက်စပ် လှုပ်ရှားမှု၊ ဗဟို ပါလီမန်နဲ့ အစိုးရတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း လေ့လာပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်နည်း ဘယ်ပုံနဲ့ ဖယ်ဒရယ်ပုံစံ ဆက်စပ်ပေးသွားမလဲဆိုတာကို လေ့လာရမှာ ဖြစ်တဲ့ အတွက် အကျိုးရှိနိုင်ပါတယ်" ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲဲ့များမှာ ယခု ရက် ပိုင်းအတွင်း ဥရောပနိုင်ငံများဖြစ်သည့် ဂျာမဏီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နော်ဝေးနိုင်ငံများသို့ အဖွဲ့သုံးဖွဲ့ ခွဲ ကာ မေလ ၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ လေ့လာရေးခရီး သွားရောက်ကြမည်ဟု သိရသည်။

တချိန်တည်းမှာပဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မိမြင့်သန်းတို့ ပါ၀င်တဲ့ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည်လည်း ဥရောပတိုက် နော်ဝေနိုင်ငံကို ယခုလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာရေးခရီး သွားရောက်မည်ဟု သိရသည်။

Most read this week