တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ကချင်ဒုက္ခသည် စခန်းများအား ဒုတိယအကြိမ်အဖြစ် သွားရောက်ကူညီ လှူဒါန်းပေးနေသည့် အဖြူရောင် တွဲလက်များ အဖွဲ့ တာဝန်ရှိသူ ကိုဘိုဘို ခေါ် ကိုမိုးကျော်သူ က မံစီမြို့နယ်၊ မန့်ဝိုင်းကြီးစခန်းတွင် ရောက်ရှိနေစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အရေးတကြီး လိုအပ်နေတာက ဆန်ဂိုဒေါင်တွေ ဆောက်ဖို့ဗျ။ အခု စိုးရိမ်နေကြတာက မိုးရွာနေတော့ အခြား အလှူရှင်တွေက ပေးတဲ့ ဆန်တွေကို သိုလှောင် သိမ်းဆည်းနိုင်ဖို့ပဲဗျ” ဟု မဇ္စျိမကို ပြောသည်။
ရန်ကုန်မြို့မှာ ဧပြီလ ၂၉ ရက်နေ့က စတင်ထွက်ခွါလာခဲ့ပြီး မန့်ဝိုင်းကြီးစခန်းအပြင် နန်ထောင်၊ အခြေနှင့် ငါနောင်ပါ စခန်းများသို့ ရောက်ရှိပြီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါဒေသသည် ငှက်ဖျားရောဂါ ထူပြောသည့် ဒေသတခုဖြစ်ပြီး ယခုအခါ အဖျားအနာနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ ကာ သေဆုံးမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။
“ကျနော် ဒုက္ခသည်စခန်း လေးခု ရောက်ပြီးပါပြီ။ မန့်ဝိုင်းကြီးစခန်းမှာဆို အားလုံးလူ ၉၀၀ ကျော် ရှိတယ်။ ဆေးဆရာမ လေးဦးပဲ ရှိတယ်။ ဆေးဝါးကုန်ကျ စားရိတ်က လူတဦးကို တလတလ တသိန်းကျော် ကုန်တယ်။ ဆေးဝါး မလောက်မင နဲ့သွားနေတာ။ ကလေး နှစ်ယောက်၊ လူကြီး တယောက် သေတယ်။ ဝမ်းရောဂါ ကြောင့်။ အထက်လန် အောက်လျှော ဖြစ်တယ်။ ဖျားတာနာတာတွေ ဖြစ်နေတယ်” ဟု ကိုမိုးကျော်သူ က ဆိုသည်။
ဒုက္ခသည် စခန်းလေးခုတွင် ဒုက္ခသည် ၃,၀၀၀ ကျော်ခန့်ရှိပြီး ကလေးငယ်များမှာ အာဟာရ ချို့တဲ့မှုများ ဖြစ်ပေါ်နေ၍ အာဟာရမှုန့်များ စားသုံးနေရကြောင်း သိရသည်။
စခန်းတွင်းရှိ ကလေးများ ပညာရေးနှင့် ပါတ်သက်ပြီး မိဘများက စိုးရိမ်ပူပန်နေကြကြောင်း “ထွက်ပြေး လာရတဲ့ အခါမှာ ကျောင်းတွေ အခက်အခဲ ဖြစ်လာတယ်။ မူလရွာက ကျောင်းတွေ မီးရှို့ခံရတယ်၊ အဖျက် ခံရတယ်။ ကလေးပညာရေး ဘယ်လို သွားရမလဲဆိုတာ ခက်လာတယ်။ ကချင်ပြည်နယ်မှာ လုံခြံုရေး အခြေအနေ စိတ်ချရတဲ့ နယ်မြေတွေက ပိုကျဉ်းလာနေပြီ” ဟု ကိုမိုးကျော်သူ က ဆိုသည်။
အဖြူရောင်တွဲလက်များက ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များအတွက် အလှူငွေသိန်း ၂ဝ နှင့် အနွေးထည် ၁၅,ဝဝ ကူညီသွားမည်ဖြစ်ပြီး ဒုက္ခသည် စခန်း ကော်မတီနှင့် ညှိနှိုင်းလှူဒါန်းမည်ဟု သိရသည်။
အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများကလည်း ကလေးများအတွက် ကစားစရာအရုပ်၊ ကလေးဝတ် အကျႌများနှင့် ဆေးဝါးအချို့အား ၎င်းတို့အဖွဲ့နှင့် ပေးပို့လှူဒါန်းကြသည်။
တရုတ်နိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည်စခန်းအချို့မှာ ဆန်အခက်အခဲ မရှိသော်လည်း သောက်သုံးရေ အခက်အခဲရှိကြောင်း သိရသည်။
ယခုအကြိမ် သွားရောက်ကူညီရာတွင် မျက်လှည့် ဆရာများ၊ ပန်းချီဆရာများ၊ သီချင်းဆိုသူများ ပါဝင်ပြီး အခွင့်ရပါက ဒုက္ခသည်များနှင့်အတူ ပြဇာတ်များ တင်ဆက်ကပြ ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။
အဖြူရောင်တွဲလက်များအဖွဲ့ကို စစ်ဘေးဒဏ်ခံရသည့် တိုင်းရင်းသား ညီအကိုမောင်နှမများအား စာနာထောက်ထား ကြောင်း ပြသရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှစ၍ နှစ်ဖက် ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားလာရာမှ ဒေသခံများမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက်နှင့် မြို့ပေါ်များသို့ စစ်ပြေးဒုက္ခ သည်များ အဖြစ် နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်။
လက်ရှိအခြေအနေတွင် စစ်ပြေးဒုက္ခသည်ပေါင်း ရ သောင်းကျော်ရှိလာကာ ကုလသမဂ္ဂ အဖွဲ့အစည်းများက မိုးမောက် မြို့နယ် အင်ခေါင်းပါနှင့် ဒွန်ဘွမ်ဒုက္ခသည်စခန်းရှိ စစ်ပြေးဒုက္ခသည် ၁,၅၀၀ ဦးအား အစား အသောက်များ ကူညီခဲ့သည် သိရသည်။