နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ

နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ
by -
နိရဥ္စရာ

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား ကုန်သွယ်ရာတွင် မြန်မာဘက်မှ နယ်စပ်တွင် စီးပွားရေး ဇုံများကို စနစ် တကျ ဖွင့်လှစ် ဖေါ်ဆောင်ပေးခြင်း မရှိသဖြင့် မှောင်ခို လမ်းကြောင်းမှ တဆင့် တဘက်နိုင်ငံသို့ကုန်ပစ္စည်း များ တင်ပို့နေကြရာ မြန်မာ ကုန်ပစ္စည်းများ မကြာခဏ ဖမ်းဆီး ခံနေရကြောင်း သတင်း ရရှိသည်။

Bamboo-raft-stock

" ကျွန်တော်တို့ဆီက ပစ္စည်းတွေကို ဘင်္ဂလာဒေချ့်ကို တင်ပို့တဲ့ နေရာမှာ တရားဝင် တင်ပို့ ရောင်းချနိုင်တဲ့ နယ်စပ် စီးပွားရေးဇုံလို မျိုး မရှိတဲ့ အတွက် အိမ်မွေး တိရစ္ဆာန်တွေ အပါအဝင် သစ်တောထွက် ပစ္စည်းတွေကို တရားမဝင် လမ်းကြောင်းကနေ ဘင်္ဂလာဒေချ့်ကို မှောင်ခို တင်ပို့နေကြရပါတယ်။ အဲသလို တင်ပို့တဲ့ အခါ ဘင်္ဂလာ အာဏာပိုင်တွေက ကြည်ဖြူရင် ဘာမှ ပြဿနာ မရှိဘူး။ မကြည်ဖြူဘူး ဆိုရင် ကုန်တွေကိုဖမ်းဆီး တာတို့၊ လူူတွေကို ထောင်ချတာတို့ မကြာခဏ ဖြစ်နေပါတယ်" ဟု နယ်စပ်တွင် စီးပွားရေး လုပ်ကိုင်နေသူ ဦးကျော်ရွှေက ပြောသည်။

လွန်ခဲ့သော တနင်္လာနေ့ကလည်း မြန်မာမှ တင်သွင်းလာသော တာကာ သိန်း ၄၀ ဖိုးရှိ ၀ါးများကို နယ်စပ်မြို့ တက်ကနက် ဆိပ်ကမ်းတွင် ဘင်္ဂလာဒေချ့် နယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သူက ပြောသည်။

" သူတို့ ဖမ်းဆီးသွားတာက ၀ါးအရေအတွက်မှာ ၁၀၁၀၀၊ ပေါက်ဖက် အလိပ် ၉၀ တို့ ဖြစ်ပါတယ်။ စုစုပေါင်းကာလ တန်ဖိုး တာကာငွေ သိန်း ၄၀၆၇၀၀၀ ဖိုးရှိပါတယ်။ မြန်မာငွေနဲ့ ဆိုရင် သိန်း ၄၀၀ ဖိုးခန့် ရှိပါတယ်။ တက်ကနက်မြို့နယ် လာမာဘာစျာရှိ ကာယူ့ခါလီ တံတားအောက်မှာ ဘင်္ဂလား နယ်ခြေားစောင့်တပ်မှ အရာရှိ အာဘူလ်ကာမေးလ် ခေါင်းဆောင်သည့်အဖွဲ့မှ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ၀ါးများကိုသာမက မြန်မာက တင်ပို့သော နွားများနှင့် သစ်များမှာလည်း မကြာခဏ ဖမ်းဆီးခံနေကြရပြီး နယ်စပ် စီးပွားရေး ဘောင်တော် ဆိပ်ကမ်း ပွဲရုံများတွင် ကုန်များ ချိန်တွယ်သောအခါ အလေးချိန်ခိုးမူများ၊ ဘာတာငွေများ လဲလှယ်ရာတွင် ပေါက်စျေး အတိုင်းမရဘဲ စျေးနှိမ်မူများလည်း ရှိနေကြောင်း သိရသည်။

" အဓိကတော့ မြန်မာ အစိုးရ အနေနဲ့ ကိုယ်ပြည်သူတွေကို ဒီလို မတရား သဖြင့် ခံနေရာတာက လွတ်ကင်း စေလိုတဲ့ ဆန္ဒ ရှိရင် မောင်တောမှာ နယ်စပ် စီးပွားရေး စခန်းဖြစ်ဖြစ်၊ Market လိုဟာမျိုးမျိုး ဖြစ်ဖြစ် တစ်ခု ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီ စခန်းကို မြန်မာဘက်က ကုန်သည်တွေ အနေနဲ့ ၀ါး၊ နွား၊ သစ်၊ ငါး စတာတွေကို ယူလာပေါ့။ ဘင်္ဂလာဒေချ့်က ကုန်သည်တွေကို မြန်မာဘက်က လာဝယ်ပေါ့။ အဲသလို နယ်စပ် Market မျိုး ပေါ်လာလို့ ရှိရင် အစိုးရလည်း Tax ၀င်ငွေရမယ်။ ကိုယ့်ဆီက ကုန်သည်တွေလည်း သူများတိုင်းပြည်ကိုလည်း အောက်ကျ နောက်ကျခံပြီး မှောင်ခို သွားရောင်းနေစရာမျိုး မလိုတော့ဘူးပေါ။ ကိုယ့်ပြည်သူတွေလည်း ကိုယ့်ပစ္စည်းကို စိတ်ကြိုက် စျေးခေါ် ရောင်းလို့ ရသွားတာပေါ့" ဟု မောင်တောမှ နယ်စပ် စီးပွားရေး လုပ်ကိုင်နေသူ အကိုဖြူက အခုလို မြန်မာ ကုန်သည်များ ကြံုတွေ့နေရသော အခက်အခဲများမှ လွှတ်ကင်းအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းကို နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့တွင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော်လည်း ဘင်္ဂလာဒေချ့်နှင့် ကုန်သွယ်ရာတွင် ဝေးလွန်းသဖြင့် အလုပ် မဖြစ်ဘဲ ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

" ဘင်္ဂလာဒေချ့်က ကုန်သည်တွေ ဘယ်သူမှ စစ်တွေကို မသွားဘူး။ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသလို ဝေးလည်း ဝေးတယ်။ ဗီဇာလည်း (၇) ရက်ဘဲ ရတယ်ဆိုတော့ ဘင်္ဂလာက စီးပွားရေး သမားတွေက စစ်တွေကို မသွားဘူး။ မောင်တောမှာဆိုရင် နတ်မြစ်ကို မော်တော်ဘုတ်တွေ ဖြတ်ကူးပြီး ချက်ချင်းဝင်၊ ချက်ချင်း ပြန်ထွက်နိုင်တယ်။ ဒါကြောင့် မောင်တောက နယ်စပ် စီးပွားရေး စျေးကွက်ကို အမြန်ဆုံး အကောင်အထည် ဖေါ် လုပ်ဆောင်ဖို့ လိုနေပါတယ်" ဟု သူက ပြောသည်။

ယခုအခါ မောင်တော နယ်စပ် စီးပွားရေးဇုံမှာ နာမည်သာ ရှိပြီး လက်တွေ့တွင် အကောင်တည်ဖေါ် ဆောင်ရွက်ခြင်း မရှိသဖြင့် ဘင်္ဂလာသို့ တင်ပို့ရန် စစ်တွေမှ ရေခဲရိုက် ပုဇွန်များ တစ်ခုတည်းကိုသာ တင်ပို့နေကြောင်း သူက ဆိုသည်။

ဘင်္ဂလာဒေချ့်နို်င်ငံ အနေဖြင့် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရာတွင် မြန်မာနှင့် အနီးစပ်ဆုံး တက်ကနက်မြို့ ဘောင်ဒိုတွင် ကုန်သွယ်ရေး ဆိပ်ကမ်းနှင့် အဝယ်ဒိုင် တစ်ခုကို ဖွင့်လှစ်ထားပြီး ဘင်္ဂလာဒေချ့်နိုင်ငံ အတွက် အသုံးလိုမည့် မည်သည့် ပစ္စည်းကို မဆို လက်ခံ ၀ယ်ယူကြောင်း သိရသည်။

" မြန်မာက တင်သွင်းတဲ့ သစ်နဲ့ နွားက မြန်မာ အစိုးရက တရားဝင် တင်ပို့တာမဟုတ်ဘူး။ ဒါပေမယ့် ဘင်္ဂလာဒေချ့်က တရားဝင် ၀ယ်ယူတယ်။ တခြား ဆန်စပါးတို့၊ ကြိမ်တို့ ဆိုတာလည်း ဒီအတိုင်းပါဘဲ။ သူတို့နိုင်ငံ အတွက် အသုံးလိုရင် တရားဝင် တင်သွင်းခွင့်ပြုပြီး ၀ယ်နေပါတယ်။ ဒါပေမယ့် တရားဝင် မဟုတ်ဘဲ၊ မှောင်ခိုဆိုတော့ မြန်မာဘက်က စျေးနှိမ်ခံရတာတွေတော့ ရှိပါတယ်" ဟု ဘောင်တော် ဆိပ်ကမ်းတွင် ပွဲစား လုပ်နေသူ ဦးမောင်ခိုင်နုက ပြောသည်။

မြန်မာနှင့် ဘင်္ဂလာ ကုန်သွယ်ရာတွင် မြန်မာ ငွေတန်ဖိုးမှာ နှိမ့်သဖြင့် မြန်မာဘက်မှ ကုုန်ပစ္စည်းများ တင်သွင်းရာတွင် အမြတ် ရရှိနေသဖြင့် အဖမ်းအဆီးများ ရှိသော်လည်း မြန်မာဘက်မှ ကုန်များကို တင်ပို့နေကြခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဘင်္ဂလား မြန်မာနယ်စပ် ငွေလဲနုန်း ဘင်္ဂလား တစ်တာကာ ၁၀၀ လျှင် မြန်မာ ၉၅၀ ကျပ် ရှိသည်။

Most read this week