အက်စ်ကွေ့ ဓါးပြတိုက်ပွဲ မြန်မာစစ်တပ်အရာရှိတယောက်သေ

အက်စ်ကွေ့ ဓါးပြတိုက်ပွဲ မြန်မာစစ်တပ်အရာရှိတယောက်သေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့အတွင်း နာမည်ကြီး အက်စ်ကွေ့တွင် ဓါးပြတိုက်မှုထပ်မံဖြစ်ပွါးရာ ကစထမှူး ၏ လုံခြုံ ရေးတပ်သားများနှင့်တိုးမိ၍ ပစ်ခတ်မှုဖြစ်ပွါးသဖြင့် မြန်မာစစ်တပ်ဖက်က သေကြေ ဒဏ်ရာရမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

“ ၂၉ ရက်နေ့က ဖြစ်တာ။ ခရီးသည်တင်ကား ၆ စီး ရ စီးကို တားပြီး ဓါးပြတိုက်နေတုန်း ကစထမှူးရဲ့ လုံခြုံရေး တပ်ဖွဲ့နဲ့ တိုးပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်တာ။ ဓါးပြဖက်က တူမီးသေနတ်နဲ့ဘဲပစ်တယ်။ သူတို့နယ်မြေမို့လို့ သူတို့ဖက်က ထိခိုက်ဒဏ် ရာရတာမရှိဘူး၊ ဖမ်းလဲမဖမ်းမိဘူး” - ဟု မိုင်းနောင်ဒေသခံ စိုင်းမြင့်က ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ  ဟဲဆိုင်ရွာနှင့်ဟန်နားကျေးရွာကြား နာမည်ကြီး အက်စ် (S) ကွေ့တွင် ဓါးပြတိုက် မှု မကြာခဏ ဖြစ်ပွါးခဲ့ရာ ဧပြီလ ၁ ရက်နေ့ တွင်တကြိမ် ၁၀ ရက်နေ့တွင် တကြိမ်ဖြစ် ပွါးခဲ့သေးသည်။

ယခုလည်း ဓါးပြတိုက်နေစဉ် မိုင်းနောင်အခြေစိုက် စကခ ၂ အား စစ်ဆေးရေးဆင်းရန်ရောက်နေသည့် ကစထ ၂ မှူး ၊ တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၏ လုံခြုံရေးတပ်ဖွဲ့နှင့်တိုးမိရာမှ ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်း ဖြစ် ကြောင်းဆိုပါသည်။

 “ဓါးပြတိုက်တဲ့နေရာက မိုင်းနောင်မြို့နယ်ခွဲနဲ့ ၁၀ မိုင်လောက်ဘဲဝေးတယ်။ အဲဒီနေရာနဲ့ ၃ မိုင်လောက် ဝေးတဲ့နေရာမှာလဲ မြန်မာအစိုးရရဲ့ စကခ ၂ ရုံးစိုက်တယ်လေ။ ဒါကြောင့် ပစ်ခတ်မှုဖြစ်ပွါးတယ်။ မြန်မာစစ် တပ်က အရာရှိတယောက် တူမီး သေနတ်မှန်ပြီး ပွဲချင်းပြီးသေတယ်။ တပ်သားတယောက် ဒဏ်ရာရတယ်။ ဓါးပြတော့ လွတ်သွားတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဓါးပြအဖွဲ့မှာ ၅ ယောက်ထက်မပိုဟုခန့်မှန်းရပြီး အစိမ်းပုပ်ရောင်ဝတ်စုံနှင့် တူမီးသေနတ်များသာကိုင် ဆောင်ကြ ကြောင်း၊ မျက်နှာများလည်း အိုးမဲသုတ်ထားကြကြောင်း  မျက်မြင်ကြုံတွေ့ရသည့် ဒေသခံ စိုင်းမြင့်ကဆက်လက် ပြောပြ သည်။

အဆိုပါ အက်စ်ကွေ့ သည် ဟန်နားရွာနှင့် ၃ မိုင်သာဝေးပြီး အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲ မှု ဌာနချုပ် အပါအဝင် အစိုးရ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ အခြေစိုက်ထားသည့်  မိုင်းနောင်မြို့နှင့်လည်း ၁၀ မိုင်သာ ကွာဝေးကြောင်း သိရပါသည်။

Most read this week