လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီး
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ပြင်ရှိ ဂျေယန်ခ (Je Yang Hka) ဒုက္ခသည်စခန်းတွင် ဧပြီ ၂၉ ယမန်နေ့ည လေပြင်း တိုက်ခိုက်မှုကြောင့် ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်ပျက်စီးခဲ့သည်။

လိုင်ဇာအနီးတွင် ဒုက္ခသည်များ တဲအိမ် ဆောက်လုပ်နေပုံ။

ည ၁၀ နာရီမှ ၁၂ နာရီထိ မိုးနှင့်အတူ လေပြင်းတိုက်ခိုက်ခဲ့ရာ ဒုက္ခသည်စခန်း တဲအိမ် ၂၀ ကျော်မှာ လုံးလုံးပျက်စီးသွားပြီး အချို့စခန်းများမှာ မိုးကာများဖြုတ်၊ ပြဲသွားသည် ဟု ဂျေယန့်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ (Wangde Seng Jat Du) ပြောသည်။

“လေက အရမ်းပြင်းတော့ စခန်း၂၀ ကျော်က အားလုံးပျက်စီးသွားတယ်။ ဘုရားကျောင်း ၂ ခုနဲ့ စာသင် ကျောင်းဆောင်တစ်ခု လည်းပျက်စီးသွားတယ်။ တစ်ချို့စခန်းကတော့ အမိုးတွေဘာတွေ လန်ကုန်တယ်။ ပြဲသွားတာကပြဲသွားနဲ့ မနေ့ညတော့ အားလုံး ဒုက္ခတွေရောက်ကြတယ်။ အဝတ်အထည် ပစ္စည်းတွေလည်း စိုကုန်တယ်။ ကျနော်တို့ရဲ့ အရေးကြီးတဲ့ စာရွက်တွေလည်းအားလုံးစိုသွားတယ်။”

ယခုချိန် ပျက်စီးသွားသောစခန်းမှ ဒုက္ခသည်များသည် မပျက်စီးသော စခန်းများတွင် စုပေါင်းခိုလုံနေကြောင်း နှင့် မိုးကာဖြုတ်ပြီး ပြဲသွားသောစခန်းများကို ဧပြီ ၃၀ ယနေ့ KIO မှအသစ်ပြန်လည်မိုးပေးကြောင်း ထိုနေရာမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

“အားလုံးပျက်စီးသွားတဲ့ စခန်းတွေကိုတော့ မနက်ဖြန်ဖြုတ်ပြီး ပြန်ပြင်ဆောက်မယ်။” ဟု ၀မ်ဒေဆိုင်းဂျတ်ဒူ ကပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် စခန်း ၆၀၀ ကျော်ရှိပြီး ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သူကဆက်ဆိုသည်။

Most read this week