မြန်မာ အစိုးရ ဘက်မှ လွှတ်ပေးရန် သဘောထား တင်းမာ နေသော မွန် နိုင်/ကျဉ်း နှစ်ဦး လွှတ်ပေး လိုက်ပြီး ယနေ့ မွန်းလွဲ (၂) နာရီတွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဟိုတယ်၌ မွန်ပြည်သစ် ပါတီ လက်ထဲသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း အဆိုအား ကိုးကားပြီး ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးမှ ပြောကြား လိုက်ပါသည်။ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ နှစ်ဦးအား လွှတ်ပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဦးအောင်မင်းမှ အစိုးရနှင့် ညှိနှိုင်း ပေးခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေး တို့သည် နိုင်ငံ ခေါင်းဆောင်အား လုပ်ကြံမှုဖြင့် တရားစွဲ ထားသည့် အတွက် အပြစ်ဒဏ် ကြီးလေးသည့် အတွက် လွှတ်ပေးရန် ခက်ခဲ နေကြောင်းကို ပြောကြားကာ ဤအခြေအနေကို သမ္မတထံ တင်ပြပေးမည်ဟု ဧပြီလ (၁၁) ရက်နေ့က (၄၅) ရက်အပြီး မွန်ပြည်သစ်နှင့် အစိုးရတို့ မော်လမြိုင် ပြည်နယ် ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံပွဲ၌ ဦးအောင်မင်းမှ ပြောကြား ခဲ့အပြီးတွင် ဤရလာဒ်ကောင်း ပေါ်ထွက် လာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအကျဉ်းသား လွှဲပြောင်း ပေးအပ်ပွဲသို့ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီမှ အတည်ပြု ပြောကြားခဲ့ပါသည်။
“ဥက္ကဋ္ဌကြီး ဗဟိုကနေ မော်လမြိုင်ကို ဆင်းသွားတာ နိုင်ယက္ခနဲ့ နိုင်မျိုးသွေးတို့ နှစ်ဦး ပြန်လည် လွှဲအပ် ပေးတာကို လက်ခံဖို့ပဲ ဖြစ်တယ်” ဟုတ် မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေး ရုံး တာဝန်ခံက ပြောကြား လိုက်ပါသည်။
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိအပြီး၌ နိုင်ယ္ခနှင့် နိုင်မျိုးသွေးတို့ လွတ်မြောက်ရေးကို တစိုက် မတ်မတ် တောင်းဆို ခဲ့သော်လည်း စစ်အစိုးရ ဘက်မှ လွတ်ပေးရန် သဘောထား တင်းမာ နေလျက် ရှိသည်။
“သူတို့ သဘောထား တင်းမာတာ ကလဲ သူတို့ဘက်က အကြောင်းပြချက် ရှိတယ်လေ၊ သူတို့ကို ကြိုတင် သတိပေးနေတာ ကြာပါပြီ။ ဒီကိစ္စထဲမှာ ဝင်မပါဖို့။ တပ်မတော် ထောက်လှမ်းရေး တွေကိုယ်တိုင် ကျွန်တော်တို့ ရုံးမှာ လာပြောတယ်။ ကျွန်တော်တို့ ကလည်း အတန်တန် သတိပေ းပါတယ်။ ဒါပေမယ့် နိုင်ယက္ခကိုက ကျွှံဝင်သွားတော့ ဒီလို ဖြစ်ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့လူကို ဘယ်အခြေအနေ ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို လွှတ်ပေးဖို့ အစိုးရဘက်ကို အစဉ်တစိုက် တောင်းဆိုနေပါတယ်” ဟု နိုင်ယက္ခ အဖမ်းခံ ရချိန်၍ မော်လမြိုင် ဆက်ဆံရေးရုံး၌ တာဝန်ကျသည့် ရုံးတာဝန်ခံ တစ်ဦးက ပြောပါသည်။
နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့မှာ နိုင်ငံခေါင်းဆောင် လုပ်ကြံမှုဖြင့် ၂၀၀၃ ခုနှစ်က အဖမ်းဆီးခံရပြီး ကနဦး၌ သေဒဏ် အပြစ်ပေး ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် အယူခံဝင်ကာ တသက်တကျွန်း အပစ်ဒဏ်သို့ ပြောင်းလဲ ချမှတ် ပေးခဲ့သည်။ ဇန်နဝါရီလ၌ အစိုးရမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ထဲတွင် မပါဝင် ခဲ့သောကြောင့် မွန်ပြည်သစ်မှ ပြည်လည် လွှတ်ပေးရန်ကို အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်းတွင် တောင်းဆိုခဲ့ပြီး ယခုတွင် အောင်မြင်မှု ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ထိုနိုင်ငံရေး အကျဉ်းသား လွှဲအပ်ပေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းနှင့် လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းနှင့် မွန်ပြည်နယ် ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ပြီး မွန်ပြည်သစ် ပါတီဘက်မှ ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က လက်ခံရယူခဲ့သည်။