နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်
by -
မဇ္ဈိမ

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအား မဲပေးလိုက်ကြည်သည့် ပြည်သူ့ဆန္ဒနှင့် လွှတ်တော်တွင်း မဟာမိတ်များ၏ ဆန္ဒအား လိုက်လျောသည့်အနေဖြင့် တနင်္လာနေ့ က ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ က သတင်းထောက်များ အား ပြောဆိုလိုက်သည်။

“အလျှော့ပေးတယ်လို့ မြင်ချင်ရင်လည်း မြင်နိုင်ပါတယ်။ ကျမတို့ ပြည်သူ့ဆန္ဒကို အလျှော့ပေးတယ်။ မဟာမိတ်တွေရဲ့ ဆန္ဒကို ကျမတို့ အလျှော့ပေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ထားတဲ့ အဖွဲ့ချုပ်မို့လို့ သဘောထားကြီးဖို့ ဆိုတာလည်း အင်မတန်မှ လိုပါတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ လိုက်လျောမယ်။ လွှတ်တော်တက်တဲ့ကိစ္စကို အမြန်ဆုံးလုပ်လိုက်မယ်” ဟု ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အခြေခံ ဥပေဒပါ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုချက် စာသားတွင် အခြေခံဥပဒေကို ‘ထိန်းသိမ်း ကာကွယ်စောင့်ရှောက်’ မည်ဟူသည့် အသုံးအနှုန်းအစား ‘လေးစားလိုက်နာ’ မည်ဟူသည့် အသုံးအနှုန်း ပြင်ဆင် ပေးရန် ကြိုးပမ်းအကြံပြုချက်အား အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒေါက်တာအေးမောင်နှင့် အတူ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးတို့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လာရောက်တွေ့ဆုံ၍ NLD လွှတ်တော် တက်ရောက်ရန် မေတ္တာရပ်ခံခဲ့ပြီး နောက်တရက်တွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရန်အတွက် မေလ ၁ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌလည်း မေလ ၂ ရက်နေ့တွင် သွားရောက်ကျိန်ဆို သစ္စာပြုမည်ဖြစ်သည်။

ပါတီပြန်လည်မှတ်ပုံတင်ရန်အတွက် ၂ဝ၁ဝ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ စာသားအချို့အား ပြင်ဆင်ပေးရန် တောင်းဆိုစဉ်က အဆိုပါ ကျမ်းကျိန်စာသားအရေးအား “ကိုင်တွယ်ဖို့ ကျမအနေနဲ့လစ်ဟင်း ခဲ့ပါတယ်။ အဲတော့ ဒါကို ကျမ တာဝန်ယူတယ်။ ကျမရဲ့ လစ်ဟင်းချက်တခုကြောင့်မို့လို့ ပြည်သူရဲ့ဆန္ဒနဲ့ ကျမတို့ရဲ့မဟာမိတ်ဆွေဆန္ဒကို ထိပါးတယ်ဆိုရင် ကျမ လုံးဝ မဖြစ်စေချင်ဘူး” ဟု ဥက္ကဋ္ဌ က ပြောသည်။

ယခု ကျမ်းကျိန်စာသား ပြင်ရေးကိစ္စမှာ ဥပဒေရေးရာကိစ္စတရပ်အဖြစ်သာ ကိုင်တွယ်နေခြင်းဖြစ်၍ နိုင်ငံရေးပြဿနာရပ် အဖြစ် မရောက်စေလို၍ လိုက်လျောခဲ့ခြင်းလည်း ဖြစ်သည်ဟုဆိုသည်။

“ဟိုဘက်ဒီဘက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်၊ အပေးအယူ လုပ်ခြင်းအားဖြင့် ပြဿနာတွေကို ကျော်လွှား နိုင်တယ် ဆိုတာလည်း ကျမတို့ လက်တွေ့ကျကျ ဒီအချိန်မှာ ပြဖို့လိုတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားသည်။

သို့သော် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ကတိပေးခဲ့သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များအား ပြင်ဆင်မှုမရှိကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင် က မဇ္စျိမကို ပြောသည်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ပြေပြေလည်လည် တဖက်နဲ့တဖက် ဖြေရှင်းတာ အကောင်းဆုံးဘဲလို့ ယူဆတဲ့အလျောက် လွှတ်တော်ကို တက်မယ်လို့ အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တာပါ။ NLD အဖွဲ့ချုပ်ရဲ့ ရပ်တည် ချက်က ပြင်ဆင်မှု မရှိပါဘူး။ ဒါပေမယ့် ဒီကျမ်းကျိန်ရာမှာတော့ သူတို့ ဆန္ဒအတိုင်း ကျမ်းကျိန်လိုက် မှာ ဖြစ်ပါတယ်” ဟု  ဦးအုန်းကြိုင်က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ကလည်း ကျန်းကျိန် ကတိသစ္စာပြုချက် စကားရပ် ပြုပြင်ရေးအတွက်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မှ ဦးဆောင် ဖြေရှင်းပေးရန် လွှတ်တော်တက်ရောက်နေသော နိုင်ငံရေးပါတီ ၁၆ ခုတို့က ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးသူရရွှေမန်းထံ မေတ္တာရပ်ခံခဲ့သေးသည်။