ရခိုင် ဒီမိုကရေစီ အဖွဲချုပ် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီ

ရခိုင် ဒီမိုကရေစီ အဖွဲချုပ် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီ
by -
နိရဥ္စရာ

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် အခြေစိုက်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံ တင််ရန် လျှောက်ထားခဲ့သည်ဟု ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာသည်။

မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအ ဖြစ် ဧပြီလ ၂၆ ရက်နေ့က မှတ်ပုံ တင်ရန် ပါတီ၏ အလံ၊ တံဆိပ် အမှတ်အသားများနှင့် အတူ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ရွှေးကောက်ပွဲ ကော်မရှင်၏ ကျေညာချက်တွင် ဖေါ်ပြသည်။

ရွှေးကောက်ပွဲ ကော်မရှင် ကျေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ပါတီ၏ လက်ရှိ ဆောင်ရွက်ချက် များနှင့် ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်အား နိရဥ္စရာရာမှ ဖုံံးထဲမှ တဆင့် ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြောသည်။

" ရွှေးကောက်ပွဲ ကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုပါတယ်။ အဲဒါကြောင့် ၂၆ ရက်နေ့က မှတ်ပုံ သွားတင် ပါတယ်။ ပါတီ မှတ်ပုံတင်ကြေး အဖြစ် ကျပ်သုံးသိန်းနဲ့ ကော်မရှင်ရုံးမှာ မှတ်ပုံတင်ခဲ့ပါတယ်" ဟု ပြောသည်။

မှတ်ပုံတင် အပြီး အမျိုးသား ညီညွှတ်ရေးနှင့် ပတ်သက်ပြီး ပါတီမှ ဆောင်ရွက် လုပ်ကိုင်ရန် စီစဉ်ထားမူများ ကိုလည်း သူက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ပါတီအနေနဲ့ အမျိုးသား ညီညွတ်ရေးကို အစဉ်အမြဲ ရှေ့ရှု့ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်း ဗဟို အလုပ်အမှု ဆောင်အဖွဲ့ကို တာဝန် ပေးထားပါတယ်" ဟု ပြောသည်။

အမျိုးသား ညီညွတ်ရေးနှင့်ပတ်သက်ပြီးလည်း သူအမြင် သဘောထားကို ယခုလို ဆက်ပြောသည်။

" အမျိုးသား ညီညွတ်ရေး၊ အမျိုးသားရေး အတွက် လက်တွဲဆောင်ရွက်ရေးကတော့ ဘယ်ခေတ် ဘယ်ခါ ဘယ် အခြေအနေမှာမဆို လိုအပ်ပါတယ်။ ဒါပေမယ့် ပါတီ နှစ်ခုစလုံးမှာ ပါတီရဲ့ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်း စဉ်တွေက သီးခြားရှိနေတဲ့အခါမှာ ရှေ့ကို ဆက်ပြီးတော့ အမျိုးသားပါတီ အချင်းချင်း ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လို လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမလဲ ဆိုတာကို ဆွေးနွေး သွားကြရမှာ ဖြစ်တယ်။ အဲဒီ ဆွေးနွေးဖို့ ကိစ္စကိုလည်း စစ်တွေမှာရှိတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ၂၄ ရက်နေ့ ပြုလုပ်တဲ့ အစည်းအဝေးက တာဝန် ပေးထား ပါတယ်။"

၂၀၁၅ ရွှေးကောက်ပွဲမှာ အဝေးကြီး လိုသေးသဖြင့် ရွေးကောက်ပွဲ ၀င်ရေး မဝင်ရေးကိုလည်း ရွှေးကောက်ပွဲ နီးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

" ရွှေးကောက်ပွဲ ၀င်ရေး မဝင်ရေးကို နောက်မှ ဆုံးဖြတ်မယ်။ အခုလို တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ရလာလို့ရှိရင် ပထမဆုံး ပါတီကို တိုးတက်အောင် လုပ်ရမယ်။ ပါတီမှာ ရှိတဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို အရည်အချင်း၊ အရည်အသွေးတွေ မြင့်လာအောင် သင်တန်းတွေ၊ ဟောပြော ပို့ချမှုတွေ လုပ်သွားဖို့ ဖြစ်ပါတယ်။ အဲဒီကြားထဲမှာ တောင်သူလယ်သမား အရေးအတွက်လည်းဘဲ လယ်ယာမြေ ကိစ္စတွေ အပေါ်မှာ သူတို့ ကိုယ်တိုင် နားလည် သိကျွမ်း လာအောင် ပညာပေး ဟောပြောတဲ့ ကိစ္စ တွေ၊ လယ်ယာမြေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ လယ်ယာမြေ ပညာပေးမူ ကိစ္စတွေကိုလည်း သင်တန်း တွေ ပြုလုပ်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် လောလောဆယ်၌ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကြီး နှစ်ခုရှိနေပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှာ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် အမတ်နေရာ ၃၄ ခု အနိုင်ရရှိခဲ့ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ် ၁၁ နေရာ အနိုင်ရရှိခဲ့သည်။ ပါတီကြီး နှစ်ခု အနေဖြင့် စည်းလုံး ညီညွှတ်မူကို မတည်ဆောက်နိုင်ပါက ၂၀၁၅ ခုနှစ် ပြုလုပ်မည့် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်သူလူထု၏ မဲများ ကွဲသွားကာ တစ်ခြား ရခိုင်မဟုတ်သော ပါတီများ ရခိုင်ပြည်နယ်တွင် အနိုင်ရရှိသွားနိုင်သဖြင့် ပါတီကြီး နှစ်ခုပူးပေါင်းရေးကို ရခိုင် ပြည်သူများက အထူးလိုလားနေကြောင်း သိရသည်။

သို့အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ ပြန်တင်ခြင်း အပေါ် ပြည်သူ တစ်ချို့က မလိုမလား ဖြစ်ကာ ဝေဖန်မူများ နှင့်အတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပူးပေါင်းရန် တိုက်တွန်းမူများ ပေါ်ပေါက်ခဲ့သည်။

သို့သော်လည်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး လိုအပ်ချက်အရ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်က ဥပဒေ၊ နည်းဥပဒေများ နှင့် ကိုက်ညီသဖြင့် ၂၀၁၂ ခု ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၉ ခု စက်တင်္ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခု အောက်တိုဘာလ ၂ ရက်နေ့တွင် နဝတ စစ်အစိုးရမှ ဖွဲ့စည်းပေးသော ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရခိုင်ပြည်နယ်တွင် အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။

Most read this week