ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ
by -
နိရဥ္စရာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။

Strike-to-BBC
ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေချ့်မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျံုး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ချ်ဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျံုးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျံုး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်" ဟုပြော သည်။

ဆန္ဒပြရာအထဲတွင် ရခိုင်လူမျိုးမှာ အများဆုံး ဖြစ်ပြီး တစ်ခြား ရခိုင်လူမျိုးများ၏ မိတ်ဆွေများ ဖြစ်ကြသည့် ဗမာ၊ မွန်၊ ကရင်စသည့် လူမျိုးများလည်း ပူးပေါင်းပါ၀င်ခဲ့ကြဟု ဆိုသည်။

" လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါ၀င် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းရဲက တစ်နာရီ ခွင့်ပြုပါတယ်။ ရခိုင်တွေက အများဆုံး ဖြစ်ပေမယ့် တစ်ခြား တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ဗမာ၊ မွန်၊ ကရင် လူမျိုးတွေလည်း ပူးပေါင်း ပါ၀င်ခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ဆန္ဒပြပွဲ ပြုလုပ်သည့်နေ့မှာ ဘီဘီစီ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေ၍ တုန့်ပြန်မူ တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် အားမလို အားမရ ဖြစ်ခဲ့ကြရသည်ဟု ဆန္ဒပြရာတွင် ပါ၀င်သူ ဦးဌေးဝင်းက ပြောသည်။

" ဒီနေ့က ဘီဘီစီ ရုံးပိတ်ရက် ဖြစ်တဲ့ အတွက် ရုံးထဲကို စာသွားပေးလို့ မရခဲ့ဘူး။ ဒါပေမယ့် ဘီဘီစီက ၀န်ထမ်း တစ်ဦးဆင်းလာပြီးတော့ စာကို ယူသွားပါတယ်။ သူအနေနဲ့ အထက်ကို တင်ပြပေးမယ်လို့ ပြောသွားပါတယ်။ တစ်ခြား ထိုင်းသတင်းထောက်တွေတော့ သတင်း လာယူပါတယ်။ ဒါပေမယ့် မြန်မာ သတင်းဌာနကြီးတွေကတော့ ဘယ်သူမှ သတင်း လာယူတာကို မတွေ့ရပါဘူး။ ဒီအပေါ်မှာတော့ အားမလို အားမရ ဖြစ်မိပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ယခု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ကျေနပ်ကြောင်း သူက ပြောသည်။
Strike-to-BBC-2
" အရင်က ဒီအရေးကို ရခိုင် သက်သက်နဲ့သာ ဆိုင်တယ်လိို့ သဘောထားရာကနေ အခုက ဒီရိုဟင်ဂျာ အရေးဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အရေးလို့ မြင်လာကြသလို တိုင်းပြည်အတွက် တော်တော့ကို အန္တာရာယ် ရှိတဲ့ ကိစ္စလို့ သဘောထားပြီး တစ်ခြား တိုင်းရင်းသားတွေပါ ပူးပေါင်း ပါ၀င်လာကြတဲ့ အတွက် ဒီအပေါ်မှာတော့ အထူး ကျေနပ် အားရ ဖြစ်မိပါတယ်" ဟု ဦးဌေးဝင်းက ပြောသည်။

ယခု ဆန္ဒပြပွဲတွင် ပါ၀င်ရခြင်းနှင့် ပတ်သက်ပြီး မဟာချိုင် ပုဇွန်စက်ရုံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်အမျိုးသမီး မညိုညိုသန်းက ယခုလို ပြောသည်။

" ကျွန်မတို့ ပြည်တွင်းမှာနေတုန်းက ရိုဟင်ဂျာ နာမည်ဆိုတာ မကြားမိပါဘူး။ ဒီကိုရောက်မှ ကြားလာရတဲ့ အပြင် ကျွန်မတို့ လူမျိုးကိုတောင် သူတို့ နောက်မှ ရခိုင်ပြည်ကို အခြေချဖို့ ရောက်လာတဲ့သူတွေ၊ ရခိုင်ပြည် ဟာ သူတို့ ပိုင်တဲ့ ပြည်လို့ ဒီဘင်္ဂလီတွေက ပြောဆိုတယ်လို့ သိရတယ်။ အခု သူတို့က နိုင်ငံသားတောင် မဖြစ်သေးဘူး။ ဒီလောက်ထိ လက်ရဲ ဇက်ရဲ တောင်းနေလို့ ရှိရင် သူတို့ကို နိ်ုင်ငံသား အဖြစ် အသိအမှတ်ပြု လိုက်လို့ ရှိရင် ကျွန်မတို့ ကိုယ့်ရခိုင်ပြည်နယ်မှာ နေထိုင် ခွင့်တောင် ရကြတော့မှာ မဟုတ်ဘူး။ အကုန်လုံး ထွက်ပြေးကြရမှာ။ ဒါကြောင့် ခုလို လိမ်နေတာတွေကို ကမ္ဘာက သိစေချင်လို့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါ၀င်ရ တာပါ" ဟု ပြောသည်။

ဆန္ဒပြသူများသည် ဆိုင်းဘုတ်များ၊ ပိုစတာများ ကိုင်ဆောင်ပြီး `BBC apologize people of Burma- right now right now´`Anna Jones apologize people of Burma- right now right now´Anna Jones Anna Jones - out out´ စသည့် ကြွေး ကြော်သံများဖြင့် အော်ဟစ်ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဘီဘီစီ သတင်းထောက် အန်နာဂျံုးသည် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၆ ရက်နေ့က သူမရေးသားသည့် Bleak Outlook for Burma's Ethnic Groups ဆောင်းပါးတွင် ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ရိုဟင်ဂျာဟု အမည်တပ်ထားသော ကလေးငယ်များ ဘုရားဝတ်ပြုနေပုံ ဓါတ်ပုံ တစ်ပုံကို တစ်ခြား မြန်မာ တိုင်းရင်းသားများနှင့် အတူ ထည့်သွင်းဖေါ်ပြခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဘီဘီစီနှင့် သူမ အပေါ် ကန့်ကွက်မူများ ပေါ်ပေါက်လာခဲ့သည်။

ဆန္ဒပြသူများသည် သတင်းမှား ရေးသား တင်ပြသူ အန်နာဂျံုးကိုလည်း ဘီဘီစီမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ ကြ သည်ဟု ရခိုင်မျိုးချစ်စိတ် ဖွ့ံဖြိုးမှု ပန်းတိုင် အသင်း၏ အကြံပေးလည်းဖြစ် ရခိုင်အမျိုးသားသတင်းစာ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သူ ကိုအချိုင်က နိရဥ္စရာသို့ ပြောသည်။

ဆန္ဒပြပွဲကို နံနက် ၁၁နာရီကနေ မွန်းတည့် ၁၂နာရီအထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို ဘန်ကောက်ရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင့်မျိုးချစ်စိတ် ဖွ့ံဖြိုးမှုပန်းတိုင် အသင်းကဦး ဆောင်ပြီး ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများ အနေဖြင့် ဘီဘီစီဌာနသို့ အိပ်ဖွင့်ပေးစာ တစောင်ပေးပို့နိုင်ခဲ့သလို ဆန္ဒပြချိန်အ အတွင်း၌ လည်း ထိုင်းအာဏာပိုင်များမှ တစုံတရာ အနှောင့် အယှက် ပေးခြင်းမရှိကြောင်း သိရသည်။

Most read this week