သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) အား လားရှိုးအခြေစိုက် ရမခတိုင်း ဦးစီးအရာရှိက ဝမ့်ဟိုင်းဌာနချုပ်၌သာ နေထိုင်လှုပ်ရှားရန် ညွှန်ကြားကြောင်း SSPP/SSA အသိုင်း အဝိုင်းမှ သိရှိရပါသည်။
“လားရှိုးရုံးက ကျနော်တို့ လူတွေကိုခေါ်ပြီး (သီပေါမြို့နယ်) စိန်ကျော့တဝိုက်မှာရှိတဲ့ ကျနော်တို့လူတွေ ကို စစ်ဝတ်စုံ၊ လက်နက်နဲ့ သွားလာလှုပ်ရှားတာ မလုပ်ဖို့၊ အရပ်ဝတ်နဲ့ဘဲနေဖို့ တိုင်းဦးစီးအရာရှိက ခေါ်ပြောတယ်။ ပြောချင်တာက စိန်ကျော့တဝိုက်မှာ မနေဖို့ပေါ့။ အမှန်တော့ သီပေါမြို့နယ်ထဲကနေ ဆုတ်ပေးစေချင်တာ။ ဝမ့်ဟိုင်းဌာနချုပ်မှာဘဲ အားလုံးတစုတစည်းတည်း လာနေခိုင်းတဲ့ သဘောပေါ့” ဟု SSPP/SSA အရာရှိတစ်ဦးက ပြောပါသည်။
ဧပြီလ ၂၄ ရက် အရှေ့မြောက်ပိုင်းတိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီး ဝင်းသိန်း က ညွှန်ကြားခြင်းဖြစ် ကြောင်း၊ မြန်မာစစ်ကြောင်းက စိန်ကျော့ဘက်သို့ စစ်ကြောင်းထွက်မည် ဖြစ်သောကြောင့် စစ်ဝတ်စုံနှင့် သွားလာလှုပ်ရှားပါက မှားယွင်းပစ်ခတ်မည်ကို စိုးရိမ်ကြောင်း ဆို၏။
SSPP/SSA ဘက်မှလည်း မြန်မာစစ်ကြောင်းက ကားလမ်းကျော်ပြီး တောတောင်ထဲသို့ ဝင်ရောက်လာ ပါက ပစ်ခတ်ရန် ယမန်နှစ်က ထုတ်ထားသည့် အမိန့်မှာ ယခုထိ ရုတ်သိမ်းမှုမရှိသေးသဖြင့် ဤညွှန် ကြားချက်ကို လိုက်နာရန် အခက်အခဲရှိကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပါသည်။
“နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့ စစ်ရေးမှာလည်း အနည်းနဲ့အများတော့ ထိခိုက်မှာဘဲ။ အဓိကတော့ ဗမာစစ်တပ်ဘက်ကပေါ့။ ဗမာစစ်တပ်က ပြဿနာရှာနေသရွေ့၊ ရန်စနေသရွေ့တော့ ကျနော်တို့ဘက်ကလဲ ကိုယ့်ကိုယ်ကို ကာကွယ်ရမှာဘဲ။”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် မည်သို့ပင် ရေးထိုးစေကာမူ ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း သွားလာလှုပ်ရှားပါက တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ် ကြောင်း ကျောက်မဲ အခြေစိုက် စကခ(၁)မှူး က ယခင်လက ပြောဆိုခဲ့သည်ဟု စစ်ဖက် နှင့်နီးစပ်သည့် ကုန်သည်အသိုင်းအဝိုင်းမှ ယခုလဆန်းပိုင်းအတွင်း သတင်းပေးပို့ခဲ့သည်။
SSPP/SSA တွင် တပ်မဟာ ၈ ခုရှိပြီး သျှမ်းပြည်မြောက်ပိုင်း၌ ၃ ခု၊ သျှမ်းပြည်တောင်ပိုင်း၌ ၅ ခု ထားရှိ သည်။
SSPP/SSA နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဂျန္နဝါရီ ၂၈ ရက်၌ အပစ်ရပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အပစ်ရပ်ပြီးနောက် SSPP/SSA နှင့် အစိုးရစစ်တပ်တို့ကြား ရ ကြိမ် ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။