ရွာထဲ မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူတဦးသေဆုံး

ရွာထဲ မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူတဦးသေဆုံး
by -
ကချင်သတင်းဌာန

တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်မှ ရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း ရွာသားများဆိုသည်။

burma-army-injures-civilian_336_280

ဗန်းမော်ခရိုင် မန်မော (Man Mau) ရွာ အနီး ဧပြီ ၁၉ မှ ၂၃ ထိ အစိုးရစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် မြန်မာတပ်မှရွာထဲပစ်ခတ်သည့် အမြောက်ဆန်ကြောင့် ရွာသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

KIA စစ်သားများ မန်မော ရွာထဲနောက်ဆုတ် ဝင်ရောက်သွားစဉ် အစိုးရတပ်က ရွာထဲသို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ယခုလိုရွာသားများ သေဆုံးထိခိုက်မှု ရှိလာခြင်းဖြစ်သည်ဟု ရွာသားများထပ်ဆိုသည်။

ဒဏ်ရာရသူ ဦးမောင်နီနှင့် ဒေါ်အေးခူ သည် ယခုချိန် KIA လိုင်ဇာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးဝါးကုသမှု ခံယူနေသည်ဟု ၎င်းနှင့်နီးစပ်သူများဆိုပါသည်။

ပြီးခဲ့သည့်အပတ်မှစတင်၍ KIA ဗဟိုဌာနချုပ် လိုင်ဇာ အထူးလုံခြုံရေးတပ်ဖွဲ့ တပ်မဟာ ၅ စစ်သားများနှင့် အင်အား ၄၀၀ ခန့်ရှိ တပ်ရင်းပေါင်းစုံ မြန်မာ့တပ်မတော်စစ်ကြောင်းကြား မန်မောရွာ အနီးတွင် တိုက်ပွဲများဖြစ်နေခြင်းဖြစ်သည်။ အစိုးရ စုပေါင်းတပ်တွင် ခမရ ၃၈၅၊ ၃၈၆၊ ၃၈၉၊ ၃၈၈ နှင့် ခလရ ၁၀၅ တို့မှ စစ်သားများ ပါ၀င်သည်ဟု KIA ရှေ့တန်းအရာရှိများဆိုသည်။

မန်မောရွာသည် မြစ်ကြီးနား-ဗန်းမော် (မန်မော်) လမ်း နားလုံကျေးရွာ အနီးတွင်တည်ရှိပြီး KIA ဗဟိုဌာနချုပ် လိုင်ဇာ၏ အနောက်တောင်ဘက် ၁၀ မိုင်ကျော်အကွာတွင် တည်ရှိသည်။

မြန်မာစစ်တပ်က သင်္ကြန်ပွဲပြီးသည်နှင့် KIO အားအမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်မှုပြုလုပ်လာကြောင်း KIO အရာရှိများ ဆိုသည်။

Most read this week