မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြုလိုက်ပြီ

မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြုလိုက်ပြီ
by -
နိရဥ္စရာ

မောင်တောမြို့နယ် အတွင်း မှီတင်းနေထိုင်နေကြသော အစ္စလာမ်ဘာသာဝင်များကို ယခုလ ၂၁ ရက်နေ့မှ စပြီး ခရီးသွား လက်မှတ်မလိုဘဲ မြို့နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။

မောင်တောမြို့မှ နာရီစင်
" နစက ကွပ်ကဲရေးမှူးက ခရိုင် အစ္စလာမ်ကောင်စီ ဥက္ကဌ ဒေါက်တာ ဦးထွန်းအောင်နဲ့ ဦးမာမတ်စီဒီ၊ ဦးခင်ဇော်၊ ဦးနုမာကိန်း တို့ကို ဖိတ်ခေါ်ပြီးတော့ ရွာထွက်လက်မှတ်လို့ ပြောတဲ့ ထောက်ခံစာတွေ မလိုဘဲ ခရီးသွားလာလို့ ရပြီလို့ ပြောပါတယ်။ အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ သက်သေခံ ကဒ်ပြားတွေရယ်၊ တခြား ကိုင်ဆောင်ထားတဲ့ အနီ၊ အဖြူ ကဒ်ပြားတွေနဲ့ သွားလာလို့ ရပြီလို့ ပြောပါတယ်။ မြို့နယ် အတွင်းပေါ့။ နယ်ကျော်ပြီးတော့ မဟုတ်ပါဘူး" ဟု ဒေသခံ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများကို ခေါ်ယူပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူကဆိုသည်။

မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို နဝတ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှာ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေချ့်နိုင်ငံနှင့် ကပ်ရပ်တည်ရှိသဖြင့် လူဝင် လူထွက်ကို စိစစ်ရန် လိုအပ်ရာမှ အစ္စလာမ်ဘာသာဝင်များ အပေါ် ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ယခုလို ကန့်သတ်ထားရခြင်းကြောင်း ပြည်ထဲရေး ၀န်ကြီး ဦးခင်ရီမှ များမကြာမှီက ကျင်းပ ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အမေးအဖြေ ကဏ္ဍ တစ်ခုတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။

" အခု လွတ်လပ်စွာ သွားလာခွင့်ပြုပေးလိုက်ပါပြီ။ မောင်တောမြို့နယ် အတွင်းပေါ့။ ဘာခရီးသွား လက်မှတ်မှ မလိုတော့ပါဘူး။ ရွာထွက်လက်မှတ်ဆိုတာတော့ မရှိပါဘူး။ ခရီးသွားလက်မှတ်ကို သူတို့ ပြောကြာတာ ဖြစ်မှာပါ။ အခု မရှိတော့ပါဘူး" ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောကြားသည်။

နှစ်ပေါင်း ၂၀ ကျော် အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို မောင်တောမြို့နယ် အတွင်း ပိတ်ပင်ထားရာမှ မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လျော့ပေါ့ပေးရပါသလဲဟု မေးမြန်းရာ ဖုံးလိုင်း မကောင်းသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။

" ခုလို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခက်အခဲတွေ ကြားထဲက တစ်ခုတော့ အောင်မြင်မူ ရသွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ပလီတွေ၊ အာရဗီ ကျောင်းတွေ ပြင်ဆင်ခွင့်တော့ မရဘူးပေါ့။ ဒါတွေက ကျန်နေသေးတယ်။ လက်ထပ်ခွင့်လည်း ကျန်နေသေးပါတယ်" ဟု ဒေသခံ မွတ်ဆလင် လူကြီးက ဆက် ပြောသည်။

မောင်တောမြို့နယ် အတွင်းမှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထဲမှ အများစုမှာ အသက် အရွယ် မတိုင်မှီ အိမ်ထောင် ပြုခြင်း၊ အမျိုးသား တစ်ဦးအနေဖြင့် အမျိုးသမီး သုံးလေးဦးထိ လက်ထပ် ယူခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုလျှင် သက်ဆိုင်ရာ နစက တာဝန်ရှိသူများသို့ လက်ထပ်ခွင့် တင်ပြီးမှ လက်ထပ်ခွင့် ပြုကြောင်း သိရသည်။

ထိုသို့ ကန့်သတ် ထားချက်အပေါ် တချို့နစက တာဝန်ရှိသူများက မိမိ ကိုယ်ကျိုးအတွက် အသုံးချကာ လက်ထပ်ခွင့် တစ်စောင်ကို ကျပ် သုံးထောင်မှ ကျပ် တစ်သိန်းထိ တောင်းစားကြောင်း သိရသည်။

မောင်တောမြို့နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မြို့နယ်ကျော်ပြီး သွားလာမူကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ကာ မြို့နယ်ကျော် ပြီး သွားလိုပါက ပုံစံ (၄) နှင့် ခရီးသွား ထောက်ခံချက်ဖြင့် သွားလာရကြောင်း စုံစမ်း သိရှိရသည်။

Most read this week