အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေး ရန်အသင့်ဖြစ်ကြောင်းUNFC အဖွဲ့က တရားဝင်ကြေငြာခဲ့သော်လည်း နော်ဝေးနိုင်ငံမှအပြန် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက UNFC အဖွဲ့ဝင် ဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP နှင့်သာ တမြန်နေ့က တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကရင်နီပြည်နယ်အဆင့်သဘောတူညီမှုရရှိခဲ့ပြီးနောက်ပိုင်း UNFC နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအကျိုးဆောင်ဦးညိုအုန်းမြင့်က ပြောသည်။
“ တိုင်းရင်းသားတွေနဲ့ အဓွန့်ရှည် အပစ်ရပ်နိုင်ဖို့က အစိုးရနဲ့ရော စစ်တပ်အနေနဲ့ရော လွှတ်တော်အနေနဲ့ ရောပြန်ပြီးတော့ ညှိနှိုင်းဖို့ အချိန်တခုလိုအပ်တယ်။ ဒီအတွက်ဖန်တီးဖို့လိုတယ်။ နောက်တခု UNFC နဲ့မဆွေးနွေးဖြစ်သေးတာက KIO ကိစ္စကြောင့်လို့ အတိ အကျ မပြောနိုင်ပေမယ့် KIO နဲ့ပတ်သက်တဲ့အချက် အလက်တွေရှာဖွေပြီးတော့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ယုံကြည်ပါတယ်” ဟု၎င်းက ပြောသည်။
ဧပြီလ ၂၁ ရက် KNPP နှင့် ဦးအောင်မင်းခေါင်းဆောင်သော အစိုးရအဖွဲ့တွေ့ဆုံကြစဉ် ဦးအောင်မင်းက ‘KIO အဖွဲ့နှင့် အပစ်ရပ်ရေး ဆွေးနွေးနိုင်ပြီးနောက်ပိုင်းမှသာ UNFC အဖွဲ့အားတွေ့ဆုံလျင်ပိုမိုသင့်လျော်ဖွယ်ရှိ ကြောင်း’ သို့သော် PNLO ၏ ဥက္ကဌလည်းဖြစ် UNFC ၏ တွဲဖက်ဒုတိယ အတွင်းရေးမှူးလည်းဖြစ်သော ခွန်ဥက္ကာ က အစိုးရ နှင့် UNFC နှင့် ဦးစွာတွေ့ဆုံဆွေးနွေးလျှင် ကေအိုင်အေ နှင့် ငြိမ်းချမ်းရေး လွယ်လင့်တ ကူရရှိနိုင်ဖွယ်ရှိကြောင်း ပြောကြားပါသည်။
နော်ဝေးခရီးစဉ်မှအပြန် ထိုင်းနိုင်ငံ၌ ခရီးတထောက်နားစဉ် ဧပြီလ ၁၉ ရက်ကလည်း UNFC တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်ဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ဦးအောင်မင်းက တွေ့ဆုံခဲ့ကြောင်း အထွေ ထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းကလည်းပြောသည်။
“ဘန်ကောက်မှာ ကျနော်တို့ တွေ့ခဲ့ကြရတယ်။ ကျနော်တို့ မေလမှာ တွေ့ဆုံဖို့ သဘောတူကြတယ်။ တကယ်လို့ ဆွေးနွေးပွဲဟာ အကောင်း ဖက်ကို ဦးတည်မယ်ဆိုရင်တော့ ကျနော်တို့ အပစ်ရပ်ဖို့လက်မှတ် ရေးထိုးမှာပါ” ဟု ခွန်မြင့်ထွန်းကပြောသည်။
ယခုလ ၁၉ ရက် ထိုင်းမြန်မာနယ်စပ်တနေရာ၌ UNFC မှ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် အစိုးရကိုယ်စား လှယ်နှင့် ငြိမ်းချမ်း ရေးဆွေးနွေးရန်အသင့်ဖြစ်ကြောင်း ကြေငြာခဲ့၏။
ဦးအောင်မင်း၏ ပြောစကားကို KNPP ဥက္ကဌ အေဘယ်လ်ထွိဒ် က“ UNFC နဲ့ အရင်ဆွေးနွေးရင်တောင် KIO နဲ့ အပစ် ရပ်ဖို့ လွယ် ကူမြန်ဆန်လိမ့်မယ်” ဟုပြောကြောင်း ခွန်ဥက္ကာက ဆက်လက်ပြောပြသည်။ ခွန်ဥက္ကာ၏ PNLO အဖွဲ့အား ဦးအောင်မင်းက ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပထမအကြိမ်တွေ့ဆုံ ခဲ့ပြီး ဒုတိယအကြိမ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဆွေးနွေးခဲ့သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များဖြစ်ကြသော ဦးအောင်မင်းခေါင်းဆောင်သောအဖွဲ့နှင့် ဦးအောင် သောင်း ဦးဆောင် သောအဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ယခုလ ၅ ရက်တွင်လည်းကောင်း၊ နာဂ အဖွဲ့ National Socialist Council of Nagaland နှင့်ဧပြီ ၉ ရက်တွင် လည်းကောင်း၊ အဆိုပါအဖွဲ့ ၂ ဖွဲ့အပြင် လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့ (စုစုပေါင်း ၁၂ဖွဲ့) ကို အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရ၏ မီဒီယာက ပြော၏။
UNFC ၏ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ၁- အစိုးရကိုယ်စားလှယ်နှင့် ဦးအောင်မင်းတွေ့ဆုံမည်။ ၂- ပဏာမ အဆင့်နိုင်ငံရေး စကားဝိုင်း လုပ်မည်။ ၃- UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားညီလာခံကျင်းပမည်။ ၄- တမျိုးသားလုံး ဆိုင်ရာ ညီလာခံကျင်းပမည်။ ၅-တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက် ရရှိဖို့ အင်အားစုအားလုံးပါဝင်လက်မှတ်ထိုးမည်။ ၆- သဘောတူညီမှုအတိုင်း ဆက်လက်အကောင်အထည်ဖော်မည် စသည်တို့ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။