UNFC အဖွဲ့ဝင် တပ်မတော် အချို့ အစိုးရနှင့် အပစ်ရပ် ထားသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချမှတ်ထားသော ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး Roadmap ကို သဘောတူလက်ခံပြီဟု မဆိုနိုင်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားပါသည်။
“ကျနော်တို့ အဖွဲ့ဝင် တိုင်းရင်းသား တပ်မတော်တချို့အပစ်ရပ်တယ်သွားတယ်ဆိုတာ ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေး roadmap ကို လုံးဝ လိုက်လုပ်မယ်လို့မဆိုလိုဘူး။ အပစ်ရပ်သွားတဲ့ကိစ္စက UNFC အဖွဲ့ဝင် တပ်မတော် တခုချင်းစီရဲ့ နည်းဗျူဟာတွေဘဲ။ မဟာဗျူဟာတော့ နဂို UNFC ချမှတ်ထားတဲ့အတိုင်းဘဲ။ မပြောင်းလဲဘူး။ ကျနော်တို့တွေက one for all , all for one ဘဲ” - ဟု ဒုဥက္ကဌ (၂) ဗဒိုဒေးဗစ်တာကဘော ကပြောပါသည်။
ဧပြီ ၁၉ ရက်နေ့ ညနေပိုင်း အထူးအစည်းအဝေးမှ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကြောင်း၊ ထိုသတင်း စာရှင်းလင်းပွဲတွင် အဖွဲ့ဝင် ၁၁ ဖွဲ့အနက် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF နှင့် ချင်းအမျိုးသား တပ်ဦး CNF တို့မှလွဲ၍ စုံစုံညီညီတက်ရောက်ကြသည်ဟုဆိုသည်။
“အပစ်ရပ်ပြီးရင် သက်ကြီးပိုင်းတွေ စစ်တပ်မှ အနားယူမယ်။ ပါတီထောင်မယ် နိုင်ငံရေးစကားဝိုင်းကို လွှတ် တော်ထဲမှပြောမယ်ဆိုတာက လက်နက်ကိုင်တိုင်းရင်းသား(အပစ်ရပ်တပ်ဖွဲ့) တွေကို နယ်ခြားစောင့်တပ်အ သွင် ပြောင်းခိုင်းတုန်းက ပြောတဲ့စကားဘဲ၊ ကျနော်တို့ကတော့ တိုင်းရင်းသားပြသနာကို လွှတ်တော်ပြင်ပ ကဘဲ ဆွေးနွေးလိုတယ်” ဟု UNFC အတွင်းရေးမှူး နိုင်ဟံသာ ကပြောပါသည်။
မတ်ခ်ျ ၁ ရက်နေ့ ၂၀၁၂ ခုနှစ် နိုင်ငံတော်မသမ္မတ ဦးသိန်းစိန်ပြောကြားခဲ့သော ငြိမ်းချမ်းရေးလမ်းစဉ်တွင် - ပြည်ထောင်စုမှဘယ်တော့မခွဲမထွက်၊ ဒို့တာဝန်အရေးသုံးအား ကာကွယ်သွားမည်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများဖေါ်ဆောင်မည်၊ နောက်ပိုင်း နိုင်ငံရေးပါတီထောင်ပြီး လွှတ်တော်အတွင်းနိုင်ငံစကားဝိုင်း လုပ်မည် စသည်တို့ဖြစ်သည်။
ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ခေါ် UNFC ၏ ငြိမ်းချမ်းရေးလမ်းစဉ်မှာ - ပထမ ဦးစွာ အစိုးရကိုယ်စားလှယ် ဦးအောင်မင်း နှင့်တွေ့ဆုံမည်၊ ဒုတိယအဆင့်တွင် ဦးအောင်မင်းနှင့်တွေ့ဆုံပြီး ပဏာမအဆင့်နိုင်ငံရေးစကားဝိုင်းတွင် UNFC ကိုယ်စားလှယ်နှင့် ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့တွေ့ ဆုံမည်၊ နောက်ပိုင်း UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားညီလာခံ ကျင်းပမည်၊ ထိုမှတဆင့် တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီး ခေါ်ယူမည်၊ ထိုမှတဆင့် တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက် National Accord ရရှိရန် အင်အားစုများအားလုံးပါဝင်လက်မှတ်ထိုးမည်၊ သဘောတူ ညီမှုရရှိထားသည့်အတိုင်း အကောင်ထည်ဖေါ်သွားမည် စသည်တို့ ဖြစ်ပါသည်။