နယ်စပ် ၁၀၅ မိုင်ဂိတ် မိုင်းပေါက်ကွဲမှုတွင် လဝက အရာရှိတဦး သေဆုံး

နယ်စပ် ၁၀၅ မိုင်ဂိတ် မိုင်းပေါက်ကွဲမှုတွင် လဝက အရာရှိတဦး သေဆုံး
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံ၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းမ ၁၀၅ မိုင်ဂိတ်တွင် ဧပြီ ၂၀၊ ယနေ့နံနက် ၅ နာရီဝန်းကျင်တွင် မိုင်းတလုံး ပေါက်ကွဲရာ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးအရာရှိ တဦး သေဆုံးခဲ့ကြောင်း မျက်မြင်များဆိုသည်။

105-mile-gate-burmese_336_280

သေဆုံးသည့် လဝက အရာရှိဆိုသူမှာ ကြယ်နှစ်လုံး အဆင့်ရှိသူဖြစ်ပြီး မိုင်းပေါက်ကွဲရာတွင် ထိခိုက်ဒဏ်ရာရသူ လူ ၅ ဦးကို နီးစပ်ရာ မူဆယ် ဆေးရုံသို့ ပို့ထားသည်ဟု ဒေသခံများဆိုသည်။

မိုင်းပေါက်ကွဲမှု မည်သူ သို့မဟုတ် မည်သည့်အဖွဲ့ လက်ချက်ဖြစ်ကြောင်းကို ယခုချိန်ထိ မသိရသေးပါ။

ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်သည် မြန်မာပြည်ထဲသို့ နှစ်စဉ် လူဦးရေ အလုံးအရင်းဝင်လာသည့် တရုတ်လူမျိုးများကို မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်ပြား တရားမဝင် ထုတ်ပေးသည့် အဓိက တံခါးပေါက်ဖြစ်သည်။ တနည်းအားဖြစ် မှတ်ပုံတင်ကဒ်ပြားများကို စီးပွါးဖြစ် ရောင်းစားရာတွင် နာမည်ကျော်ကြားသော ဂိတ်တခုလည်းဖြစ်ကြောင်း ကုန်သည်များဆိုသည်။

လက်ရှိ မှတ်ပုံတင်ကဒ်ပြားတခုကို ကျပ်ငွေ သိန်း ၄၀ ၀န်းကျင်ဖြင့် ထိုဂိတ်တွင် အလှည့်ကျ တာဝန်ကျသော လဝက ၀န်ထမ်းများမှ ရောင်းစားနေသည်ဟု ယင်းဂိတ်နှင့်နီးစပ်သူများ ဆိုသည်။

တရုတ်လူမျိုးများကို မြန်မာမှတ်ပုံတင် တရားမဝင် ရောင်းစားခြင်းကို ၁၉၈၈ နဝတ စစ်အစိုးရလက်ထက် ကတည်းက ပိုမို ပြုလုပ်လာသည်ဟု ဒေသခံများဆိုသည်။

နှစ်စဉ် တရုတ်လူမျိုး ရာပေါင်းများစွာသည် ရှမ်းပြည်နယ်ရှိ မြန်မာအစိုးလိုလားသော ပြည်သူ့စစ်အဖွဲ့များ၏ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားများ ၀ယ်ယူနေကြောင်း ပြည်သူ့စစ်အဖွဲ့များနှင့် နီးစပ်သူများဆိုသည်။  ၎င်းတွင် ကွတ်ခိုင်ပြည်သူ့စစ်နှင့် တာမူးညဲ ပြည်သူ့စစ် အဖွဲ့ ၂ ဖွဲ့တို့သည် အဓိက ကျကြောင်း ၎င်းအဖွဲ့နှင့်နီးစပ်သူများဆိုသည်။

Most read this week