ရန်ကုန် ရခိုင်သင်္ကြန် စတင်ပြီ

ရန်ကုန် ရခိုင်သင်္ကြန် စတင်ပြီ
by -
နိရဥ္စရာ

အစဉ်အလာမပျက် နှစ်စဉ်ကျင်းပ လျှက်ရှိသော ရန်ကုန်မြို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် ဘုရားရေ သပ္ပါယ်ပြီး စတင် ကျင်းပမည် ဖြစ်သည်။

Rakhine-thingyan2011

" မနေ့ ဧပြီလ ၁၁ ရက်နေ့မှာတော့ နံ့သာ သွေးပွဲ လုပ်တယ်။ ဒီနေ့မှာတော့ ဘုရားကို ရေသပ္ပါယ်မယ်။ ရေသပ္ပါယ်ပြီးရင်တော့ ရေကစားလို့ ရပြီပေါ့။ မနေ့က စပြီးတော့ သိမ်ဖြူကွင်းမှာ ရခိုင်ရိုးရာ သင်္ကြန် မဏ္ဍပ်တွေ ဖွင့်ပွဲနဲ့ ရေကစားပွဲကို စတင် ကျင်းပမှာ ဖြစ်ပါတယ်" ဟု သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မီတီမှ ဖျော်ဖြေရေး ဆပ်ကော် မတီဝင် ကိုကျော်မင်းခိုင်က နိရဥ္စရာသို့ပြော သည်။

ယခုနှစ်တွင် မြို့နယ်များကို ကိုယ်စားပြုသည့် မဏ္ဍပ် ၁၂ ခုပါ၀င်မည် ဖြစ်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန် ရခိုင် သင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ရက်တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲ၊ ဧပြီ ၁၂ ရက်တွင် ဘုရား ရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲ တော်ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့မှ ၁၆ရက် အထိ ရခိုင်ရိုးရုာ အစဉ်အလာအတိုင်း ရေလောင်းပွဲကို ကျင်းပမည်ဟု သူက ပြောသည်။

ယခုနှစ်ကျင်းပသည့် ရန်ကုန် ရခိိုင်သင်္ကြန်မှာ ၉ ကြိမ်မြောက် ဖြစ်ပြီး သိမ်ဖြူကွင်းတွင် ကျင်းပခွင့် ရသည်မှာလည်း နောက်ဆုံးနှစ် ဖြစ်ကြောင်း သိရသည်။

"သိမ်ဖြူကွင်းမှာ ကျင်းပမယ့် ဒီနှစ် ရိုးရာ ရခိုင်သင်္ကြန်ဟာ ၉ ကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးရင် ဒီနှစ်ပွဲဟာ သိမ်ဖြူကွင်းမှာ ပြုလုပ်ခွင့်ရတာဟာ နောက်ဆုံးနှစ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နောက်နှစ်မှာ သိမ်ဖြူကွင်း ကျွန်တော်တို့ သင်္ကြန်လုပ်တဲ့ နေရာဟာ စီမံကိန်းကြီးတွေ ၀င်လာတော့မယ် အတွက် ဖြစ်ပါတယ်။ အဲဒါကြောင့် ရခိုင်ရိုးရာ သင်္ကြန်ကို ခါတိုင်းနှစ်ထက် အထူးစည် ကားအောင် ကျင်းပဖို့စီစဉ် ထားပါတယ်" ဟု ကိုကျော်မင်းခိုင်က ဆက်ပြောသည်။

ရခိုင် သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မီတီ ဥက္ကဌမှာ ဒေါ်စောခင်တင့် ဖြစ်ပြီး ဒုဥက္ကဌ ဦးဦးလှမြင့် (ရခိုင်သား ကြီးစာပေ)နှင့် အတွင်းရေးမှူး ဒေါက် တာဦးစံလှကျော်ဖြစ်ကြသည်။သဘာပတိများ အဖြစ် ၀န်ကြီး ဦးဇော်အေးမောင်၊ ဦးခင်မောင်စိုးနှင့် တခြားအမှုဆောင် များတို့ ဖြစ်ကြသည်။

ယခုနှစ် ပွဲတော်တွင် လေးဝတီအဖွဲ့က အဆိုအကများဖြင့် နေ့စဉ် ရက်ဆက် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week