မြန်မာနိုင်ငံပေါ် စီးပွါးရေးပိတ်ဆို့မှု မရုပ်သိမ်းသင့်

မြန်မာနိုင်ငံပေါ် စီးပွါးရေးပိတ်ဆို့မှု မရုပ်သိမ်းသင့်
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံတွင် “စစ်မှန်သော ငြိမ်းချမ်းရေး” မတည်ဆောက် နိုင်သေးသ၍ စီးပွားရေးပိတ်ဆို့မှုများ မရုပ်သိမ်းသင့်ကြောင်း မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများမှ ဧပြီလ ၁၀ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အမေရိကန်နှင့် အနောက်အုပ်စု စီးပါးရေးဒဏ်ခတ်မှုကြောင့် ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်း ၀ယ်လိုအား ကျဆင်းစေသည်။

အဓိက တိုင်းရင်းသားအဖွဲ့အစည်းများပါ၀င်သည့် လူထုအခြေပြုအဖွဲ့ (၃၆) ဖွဲ့က ဧပြီ (၆) ရက်မှ (၇) ရက်နေ့အထိ  ထိုင်း မြန်မာနယ်စပ် တနေရာတွင် စုစည်းတွေ့ဆုံပြီး မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးအပေါ် ထုတ်ပြန်ကြေညာချက် (၁၀) ချက် ထုတ်လိုက်ခြင်းဖြစ်သည်။

၄င်းကြေညာချက်တွင် “မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်ကိုအခြေခံသည့် ငြိမ်းချမ်းရေး မတည်ဆောက်သေးနိုင်သ၍ စီးပွားရေးပိတ်ဆို့မှုများ မရုပ်သင့်ချေ။” ဟု ဖော်ပြ ပါရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှုတွေပြုလုပ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များဆောင်ရွက်နေသော်လည်း အချို့ လက်နက်ကိုင်အဖွဲ့များနှင့် စစ်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းသာမက လယ်ယာမြေသိမ်းဆည်းမှု၊ အဓမ္မပြောင်းရွေ့မှု၊ အဓမ္မလုပ်အား ခိုင်းစေမှု၊ သွားလာရေးချုပ်ချယ်ကန့်သတ်မှု၊ မုဒိန်းပြုကျင့်မှုနှင့် ခြိမ်းခြောက်မှု၊ စသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ တိုင်းရင်းသားနယ်မြေများအတွင်းတွင် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း လူထုအခြေပြုအဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်သော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ မ ဆိုင်းမိုင်က ပြောသည်။

“လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးပြောင်းလဲလာတယ်ဆိုတဲ့အပေါ်မှာ သူတို့ကစီးပွားရေးပိတ်ဆို့မှုတွေရုပ် သိမ်းလာတာဖြစ်တယ်။ တစ်ကယ်ပဲ စစ်မှန်တဲ့ နိုင်ငံရေးအခြေအနေက အခုလက်ရှိမြန်မာနိုင်ငံမှာမဖြစ်ပေါ် သေး တဲ့အတွက် ဒီစီးပွားရေးရုပ်သိမ်းမှုက လုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်။” ဟု သူမကပြောသည်။

စစ်မှန်သောနိုင်ငံရေးဖြေရှင်းမှုမရှိသေးသည့်အချိန်မှာ နိုင်ငံတကာကနေ ၎င်းတို့၏ စီးပွားရေး ဒဏ်ခတ်မှု ရုပ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လက်နက်ကိုင်ပဋ္ဋိပက္ခတွေ ပိုပြီးဖြစ်လာမယ်ဆိုတဲ့ အချက်တွေကိုတွေ့ရကြောင်း ဆိုင်းမိုင် က ဆက်ဆိုသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လစ်လပ်မဲဆန္ဒနယ် အများစု၌ အနိုင်ရရှိခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်အရေး ယူပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ဖြေလျော့ရန် ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်းဖြစ်သည်။

ယခုလာမည့် ဧပြီ ၂၃ ရက်တွင် ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့၌ ဥရောပသမဂ္ဂအနေဖြင့် ဒဏ်ခတ်ပိတ် ဆို့မှုများ ရုတ်သိမ်းရေး ကျင်းပရန်ရှိသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးချမှတ်မှုများ လုပ်မည်ဟု မျှော်လင့်ရပြီး လက်နက်တင်ပို့ ရောင်းချခြင်းမှလွဲ၍ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်း ဧရာဝတီသတင်းဌာန တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့အစည်းမှ ၄င်းကြေညာချက်ပါအကြောင်းအရာများကို နိုင်ငံတကာစီးပွားရေး ရင်းနှီးမြုပ်နှံ သည့်အဖွဲ့အစည်း၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အစိုးရအပါအဝင် မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့များထံသို့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး စည်းရုံးလှုံ့ဆော်ရန် စီစဉ်နေကြောင်း ဆိုင်းမိုင်ကပြောသည်။

Most read this week