ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးရည်မှန်းချက် အချိန်ယူရမည်ဟု ကျားဖြူဥက္ကဌပြော

ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးရည်မှန်းချက် အချိန်ယူရမည်ဟု ကျားဖြူဥက္ကဌပြော
by -
သျှမ်းသံတော်ဆင့်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ချက်ချင်းပြင်ဆင်၍ ရနိုင်ချေမရှိသဖြင့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း ကြားဖြတ် ရွေးကောက်ပွဲအပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌက ပြောသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါဝ်း

“ ဒေါ်အောင်ဆန်းစုကြည်  ပြည်ထောင်စုလွှတ်တော်ထဲ ရောက်လာမယ့်အရေးကို ကြိုဆိုလက်ခံတယ်။  သူမ ပြော သလို အခြေခံဥပဒေကိုပြင်ဆင်ဖို့ကြိုးစားမယ် ဆိုတာကိုလဲ ကြိုဆိုတယ်။ လက်တွဲဖို့ အဆင်သင့်ပါဘဲ။ ကျနော် ကိုယ်တိုင်လဲ ၂၀၀၈ ဥပဒေကို လက်မခံနိုင်လို့ပါ။ သို့ပေမယ့် အချိန်ယူပြင်ဆင်ရပါလိမ့်မယ်။ ချက်ချင်းကြီးတော့ ရနိုင်မယ်လို့မထင်ဘူး” SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။

လူထုဆန္ဒအစစ်အမှန်ဖော်ထုတ်ရန် လွှတ်တော်ထဲရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုလက်ခံ ကြောင်း၊ သို့သော် လွှတ်တော်အမတ် လစ်လပ်နေရာ ၄၃ နေရာ ( တိုင်းဒေသကြီး လွှတ်တော်  ၂ နေရာ ပြည် ထောင်စုလွှတ်တော် ၄၁ နေရာ ) ရသည်ဟုဆိုသော်လည်း ၎င်း၏ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပြင်ဆင်မည့် စီမံကိန်း မှာ ချက်ချင်းအကောင်အထည်ဖော်နိုင်မည်မဟုတ်သေးဟု ယုံကြည်ကြောင်း၊ သို့ သော် ၂၀၁၅  ပါတီစုံရွေး ကောက်ပွဲအတွက် ပြင်ဆင်ထားချက်ဖြစ်နိုင်ကြောင်း စိုင်းအိုက်ပေါင်းက ဆက်လက် ပြောပြသည်။

ဧပြီလ ၁ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် ၄၅ နေရာအနက် ကျားဖြူပါတီက ၃ နေရာသာ ယှဉ်ပြိုင်ပြီး ၁ နေရာ  အောင်နိုင်သည်ကိုလည်း ကျေနပ်ကြောင်း ကျားဖြူဥက္ကဌက ပြောသည်။

“ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း လားရှိုးမှာ အနိုင်ရတယ်။ ကျေနပ်တယ်။ ကလောမှာကျတော့ သျှမ်း လူဦး ရေ နည်းတယ်လေ။ ဘာဘဲဖြစ်ဖြစ် လားရှိုးမှာ အစဉ်အလာအရလဲ အောင်နိုင်လာခဲ့ဖူးတယ်လေ။ လူထုကပေးတဲ့ မဲဘဲ။ လူထုအတွက်ကျနော်တို့ အကျိုးပြုသွားမှာပါ။ ” ဟုဆိုပါသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း ကျားဖြူပါတီအနေဖြင့်ယခုကတည်းက  ကြိုတင်ပြင်ဆင်ထားမည်ဖြစ် ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအပေါ် လူထုမှ စိတ်ဝင်စားမှုရှိလာအောင် စည်းရုံးဟောပြော သွားမည်ဖြစ် ကြောင်း၊ ဒီမိုကရက်တစ်ပါတီအချင်းချင်းအပေါ်လည်း သဘောထားကြီးကြီးထားကာ လက်တွဲနိုင်အောင် ကြိုးစားသွား မည်ဖြစ်ကြောင်း စိုင်းအိုက်ပေါင်းကပြောသည်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် ၄၅ နေရာအနက် ၄၅ နေရာစလုံးဝင်ရောက်ယှဉ်ပြိုင်သော ကြံ့ခိုင်ရေးပါတီက ၁ နေရာ၊ ၄၄ နေရာယှဉ်ပြိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃ နေရာနှင့် ၃ နေရာ ယှဉ်ပြိုင်သော ကျားဖြူပါတီအနေဖြင့် ၁ နေရာ အနိုင်ရသည်။