KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်

KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်နေသည်ဟုု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများပြောသည်။

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေကာ်ပိုင်း။
လိုုင်ဇာမြို့မှ မြေပြင်ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန်ကျေးရွာတွင် မြန်မာအစိုးရတပ်က ထိုသို့ ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးပြောသည်။

လဂျားယန်သို့ ၁၂၀ မမ အမြောက်များပို့ဆောင်ထားသည်ဟုဆိုသည်။

အဖြောင့်တိုင်းလျှင် ၃ မိုင်ခန့်သာကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များဖြင့်ပစ်ခတ်လျှင်  ပျက်စီးမှုကြီးမားနိုင်သည်။

လဂျားယန်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မဟာဗျူဟာကျသည့်နေရာများတွင်လည်း မြန်မာအစိုးရတပ်များ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်ဟု ဆိုသည်။ ထိုတပ်စခန်းများသို့  အစိုးရတပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော်ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရစစ်သားများ စက်လှေဖြင့်ရောက်ရှိလာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာစစ်မျက်နှာအတွက် ပို့ဆောင်ကြခြင်းဖြစ်နိုင် သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များတွင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းမရှိ KIO ခြေကုပ်စခန်းအနီး အင်ပေါန််နှင့် ဂန်တော်ယန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

အကြီးဆုံးကချင်ဒုက္ခသည်စခန်းရှိသည့် လိုင်ဇာ တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့သည် အကြီးဆုံးဒုက္ခသည်များ ရှိရာဒေသဖြစ်သည်။ ၁၀ လ ကြာ အစိုးရတပ်၏ ထိုးစစ်ကြောင့် ဒုက္ခသည် အနည်းဆုံး ၂၅၀၀၀ ရှိနေသည်ဟု ခန့်မှန်းကြသည်။

အစိုးရတပ်၏ လိုင်ဇာတိုက်ပွဲကြောင့် ၁၉၉၀ နှစ်များနောက်ပို််င်းတွေ့ရမည့် အကြီးဆုံး ဒုက္ခသည်ပြဿနာ ဖြစ်နိုင်သည် ဟု သုံးသပ်ကြသည်။ 

ယမန်နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးသည့်အဖွဲ့များ တစ်ကြိမ် လိုင်ဇာသို့ရောက် ရှိခဲ့သေးသည်။

ယခုအခါ ဒုက္ခသည်များအား KIO  နှင့် ဒေသတွင်း NGO များက ကူညီပ့ံပိုးနေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း မြန်မာစစ်သား ၃၀၀ ကျဆုံး မြန်မာအစိုးရတပ်သည် ၁ နှစ်ကြာ ကချင်ပြည်နယ်ထိုးစစ်တွင် ၎င်းစစ်သား ၃၀၀ ကျော်ကျဆုံးသည်ဟု မြန်မာစစ်ဖက်နှင့်နီးစပ်သူများဆိုသည်။

မတ်လမှဆက်တိုက်ဖြစ်ပွားနေသည့် အင်ပေါန်နှင့် ဂန်တော်ယန်တိုက်ပွဲများ၌ပင် မြန်မာစစ်သား ၁၀၀ ကျော် ကျဆုံးနိုင်သည်ဟု KIA အရာရှိများပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ ယခုချိန်အထိဖြစ်ပွားနေသော တိုက်ပွဲတစ်ခုလုံးတွင် အစိုးရစစ်သား ၃၀၀၀ ခန့် ကျရှုံးနိုင်သည်ဟု KIA သတင်းရပ်ကွက်ဆိုသည်။

မြန်မာအစိုးရကလည်း ယခုတိုက်ပွဲတွင် ၎င်း၏တပ်သားသေဆုံးဒဏ်ရာရမှုစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။

"မြန်မာစစ်သားတွေကို သတ်ဖို့မကြိုးစားပါဘူး။ သူတို့ကလာတိုက်လို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရတာပါ။" ဟု KIO/KIA ဒုတိယအကြီးဆုံးမြို့ မိုင်ဂျာယန်မှ အရာရှိတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

KIA တွင် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ထိုအရာရှိက KIA အမာခံစခန်းများကို ထိုးစစ်ဆင်ရသည့် တိုင် မြန်မာစစ်သားများ၏အမူအရာများသည် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုမျိုး မ ပြ ဟုဆိုသည်။

ထို့ကြောင့် မြန်မာစစ်သားများသည် စစ်ပွဲအတွင်း စိတ်ကြွဆေးပြားနှင့် အခြား မူးယစ်ဆေးဝါးများ သုံးစွဲထားဟန်ရှိသည်ဟု သူ့အနေဖြင့်ယုံကြည်ကြောင်း ကချင်သတင်းဌာနသို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း (မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ မုံးကိုး) တိုက်ပွဲများတွင်လည်း မြန်မာစစ်သား ဒါဇင်နဲ့ချီ ကျဆုံးသည်ဟု ရှမ်းပြည်အခြေစိုက် KIA အရာရှိများပြောသည်။

ထိုဒေသတွင် ဖြတ်သန်းဖောက်လုပ်မည့် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် တိုက်ပွဲများ ပြင်းထန် လာခြင်းဖြစ်သည်။

ထိုပိုက်လိုင်းသည် ရခိုင်ကမ်းခြေမှ ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်သည်။

Most read this week