ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေစဉ် ကာလအတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အလျင်စလို မလုပ်စေချင်ဘူးလို့ ထိုင်း-ကရင်နီ နယ်စပ်မှာ အခြေစိုက်တဲ့ ကရင်နီ လူထု အခြေပြု လူမှုအဖွဲ့အစည်း CBO အဖွဲ့များက ပြောပါတယ်။
“အခု နိုင်ငံရေး Process မတည်ငြိမ်သေးသ၍ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မလုပ်စေချင်သေးဘူး။ ပစ်အခတ်ရပ်စဲရေး ကာလအတောအတွင်းမှာ နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုက အဖြေမထွက်လာသေးတဲ့ အချိန် ဖြစ်တဲ့ခါကျတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လူထုကနေ တောင်းဆိုမယ်ဆိုရင်လည်း မဖြစ်သင့်သေးဘူး။ အစိုးရဖက်ကနေလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မလုပ်စေချင်သေးဘူး။ နိုင်ငံရေး ပြသာနာ အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်” လို့ ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေး ကွန်ယက် KCSN အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူမီရယ်က ပြောပါတယ်။
KNPPနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့မှာ ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ရင်း ဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း လုပ်ဆောင်သွားရန် အစိုးရဖက်က ပြောကြားသွားတဲ့အပေါ် CBO အဖွဲ့များက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ရေကာတာတည်ဆောက်ရေး စတဲ့ ဖွံ့ဖြိုးရေး ကြီးကြီးမားမား စီမံကိန်းများကို ဆောင်ရွက်လိုပါကဒေသ အတွင်း အခြေအနေ တည်ငြိမ်ပြီးမှသာ လုပ်ဆောင်သွားသင့်တယ်လို့ ကရင်နီ ဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ပြောရေးဆိုခွင့်ရှိသူ ခူတော်ရယ်က ပြောပါတယ်။
“ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး သေးသေးလေးတွေတော့ မပြောဘူး။ ဥပမာ-စီမံကိန်းကြီးတွေ ဘာပဲဖြစ်ဖြစ်ပေါ့။ အဲလိုဟာမျိုးကို အလျင်စလို မလုပ်စေချင်ဘူး။ ဘာဖြစ်လဲဆို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးတွေ လုပ်တော့မယ် ဆိုရင် စနစ်တွေက တည်တည်ငြိမ်ငြိမ် ပွင့်ပွင့်လင်းလင်းနဲ့ ရှိမှလေ”
ကရင်နီပြည်နယ် အတွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေးပြသာနာကိုသာ အဓိက ဦးစားပေး ဖြေရှင်းစေချင်ပြီး ဒေသအတွင်း တည်ငြိမ်အေးချမ်းမှသာ ဒေသခံ လူထုများရဲ့ သဘောထားများကို ရယူပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားရန် ကရင်နီ လူထုအခြေပြု လူမှုအဖွဲ့အစည်းများက ပြောပါတယ်။