NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်

NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်
by -
မဇ္စျိမ

ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။

NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်း က ဆိုသည်။

“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေ အဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေး ချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။

အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းသမား များသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော် လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။