ALP နှင့် ရခိုင်ပြည်နယ် အစိုးရ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုး

ALP နှင့် ရခိုင်ပြည်နယ် အစိုးရ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည်နယ် အစိုးရ အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ALP-and-State-governmnet
လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက် (၅) ခုကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဒုခေါင်းဆောင် ခိုင်သုခက ယခုကဲ့သို့ပြောသည်။

" ဒီလ ၆ ရက်နေ့က စပြီးတော့ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာတပ်မတော် အကြား အပြန် အလှန် တိုက်ခိုက်နေမူကို ရပ်တန့်ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကို ကျောက်တော်နဲ့ ပလဝက်ဝမှာ ဖွင့်လှစ်ရန်၊ ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အဖွဲ့ဝင်များကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နဲ့ ပြည်ထောင်စု အစိုးရက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ငြိမ်းချမ်အဖွဲ့တို့ နှစ်ဦး နှစ်ဘက် သဘောတူညီတဲ့ အချိန် သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိုင်း ဆွေးနွေးကြရန်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်" ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရဘက်မှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ် လုံခြံုရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ အနောက်ပိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးလှသိန်း - ပြည်နယ် ဥပဒေချုပ်၊ ဦးစိုးဝင်း ရခိုင်ပြည်နယ် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး ၁၈ ဦး တက်ရောက်ခဲ့သည်။

" ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဗိုလ်မှူးကြီး ထိန်လင််း ဦးဆောင်ပြီး လက်မှတ်ထိုးပါတယ်။ ကျွန်တော် ALP ဘက်ကတော့ ၄ ဦး လက်မှတ်ထိုးပါတယ်။ ကျွန်တော် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ခိုင်သုခု၊ ဗဟို အလုပ်အမူဆောင်ကော်မီတီဝင် ခိုင်ထွန်းလင်း ဒုဗိုလ်မှူးကြီး မိုးချမ်း၊ ဗိုလ်မှူး ခိုင်မျိုးချစ်တို့ လက်မှတ်ရေးထိုးထားပါတယ်" ဟု ခိုင်သုခမှ ဆက်ပြောသည်။

ဆွေးနွေးပွဲကို စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ဆွေးနွေးပွဲနှင့် ပတ်သတ် ပြီး အဖွဲ့ဒုခေါင်းဆောင်ဖြစ်သူ ခိုင်သုခက ယခုုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ဒါက ပထမအဆင့်လို့ ယူဆတယ်။ ဒါပေမဲ့ ဒီကနေပြီးတော့ နောက်ဆုတ်မသွားဘဲ ရှေ့ကို အများကြီး ဆက်လက် ဆောင်ရွက် လာနိုင်မယ်လို့ ယူဆပါတယ်။”

သဘောတူညီချက်များမှာ မနက်ဖြန် (ဧပြီလ ၆ ) ရက်နေ့မှ စပြီး အသက်ဝင်မည် ဖြစ်သည်။

ဦးခိုင်စောနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ယမန်နေ့ နံနက်က ရန်ကုန်မှ တဆင့် စစ်တွေမြို့ သို့ ရောက်ရှိလာရာ ဒေသခံ ပြည်သူ သိန်းနှင့်ချီ၍ ကြိုဆိုခဲ့ကြခြင်း အပေါ် ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ပြည်သူများ ကြိုဆိုကြခြင်းမှာ ALP ပေါ်လစီ မူဝါဒများမှာ ပြည်သူများ လိုလားနေမူနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သည်ကို ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ခိုင်သုခမှ နိရဥ္စရာသို့ ပြောကြားသွားသည်။

Most read this week