အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန်သည် တရားမျှသည့် ရွေးကောက်ပွဲဖြစ်ရန် မဲပေးရာ၌ ဖြစ်ပေါ်ခဲ့သည့် မသမာမှုများကို အရေး ယူရန် လိုအပ်ကြောင်း Istanbul မြို့မှာ ကျင်းပသည့် ဆီးရီးယား အရေး အစည်းအဝေးမှာ မြန်မာ အစိုးရသို့ တိုက်တွန်းကြောင်း သတင်းထောက် များကို ပြောကြား သွားပါသည်။
“လွန်ခဲ့တဲ့ လတွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကောက်ချက်ချဖို့ အလွန်စောနေသေးပါတယ်။ ဒီတိုးတက် ဖြစ်ထွန်းမှုတွေ ရေရှည် အနေနဲ့ ဆက်လက် တည်တံ့သွားဖို့ ကျွန်မမျှော်လင့်ပါတယ်။ မြန်မာပြည် ကြီး ဘယ်လို အစီအစဉ်တွေ ချမှတ်ပြီး ရှေ့ဆက် သွားနေလဲဆိုတာ တိကျခိုင်မာတဲ့ အာမခံချက် မရှိ သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အောက် လွှတ်တော်မှာ အမတ်တစ်နေရာ ရခဲ့တာကို ကျွန်မတို့ အမေရိ ကန်အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုတွေကိုလည်း အစိုးရက နေပြီး ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ အရေးယူ ဆောင်ရွက်ပေးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက် များအားပြောကြားသွားပါသည်။
ဧပြီလ တစ်ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အမေရိကန်နိုင်ငံနှင့် အတူ ကလင်တန် ကိုယ်တိုင်လည်း စိတ်ဝင် တစား စောင့်ကြည့်နေ ခဲ့ကြောင်း ပြောပါသည်။
ဤရွေးကောက်ပွဲနှင့် ပတ်သက်ပြီးသူ ထင်မြင်ချက် ပေးရာ၌ “မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျမ စကား နည်း နည်းပြောချင် ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို ကျမ စိတ်ဝင်တစား စောင့်ကြည့် နေတာပါ။ ရလဒ်တွေကို တရားဝင် ထုတ်ပြန်မကြေညာ သေးပေမဲ့ ဒီရွေးကောက်ပွဲမှာ ပါ၀င်ဆင်နွှဲခဲ့ကြတဲ့ မြန်မာပြည်သူတွေ ဒီလူတွေ အများစုက ပထမဆုံးအကြိမ် ပါ၀င်ခဲ့ကြသူတွေပါ၊ နောက်မဲဆွယ် လှုပ်ရှားမှုတွေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် တလျှောက် ပါ၀င်ခဲ့ကြသူ တွေ၊ သူတို့အားလုံးကို ချီးကျူး ဂုဏ်ယူပါတယ်။ ဒီလို ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ထောက်ခံ အားပေးသွားဖို့ လည်း ကျမတို့တတွေ အခိုင်အမာ ဆုံးဖြတ်ထား ပါတယ်” ဟု အစည်းအဝေး၌ အတိအလင်း ကြေငြာပြောကြား သွားပါသည်။
ထို့အတူ အမေရိကန်သမ္မတ မစ္စတာ အိုဘားမားလည်း ဤနှစ်မကုန်မှီ မြန်မာနိုင်ငံကို အလည်လာရန်ရှိသည်ဟု အိမ်ဖြူတော်က ယမန်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာအစိုးရအနေနှင့် ဤကဲ့သို့ ပွင့်လင်းမြင်သာသော ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့သည့်အတွက် အမေရိကန်အနေနှင့် မြန်မာကို အထူးဆက်ဆံရေးမျိုး ထားရှိသွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ရှယ်က မြန်မာ အစိုးရကိုပြောခဲ့ကြောင်း လွှတ်တော် အမတ်တဦးက ပြောခဲ့ဘူးပါသည်။
သို့သော် မြန်မာအစိုးရမျှော်မှန်းသော စီးပွားရေး ပိတ်ဆို့မှု လျှော့ချရေးနှင့် အမေရိကန်နှင့် ဆက်ဆံရေးကောင်း မွန်ရေး အပေါ်မည်မျှ အကျိုးသက်ရောက် လာမည်ကိုမူ စောင့်ကြည့်ရန်သာ ရှိပါသည်။