လောပိတ ရေအားလျှပ်စစ်စက်ရုံသို့ ဂျပန်မှ ကွင်းဆင်းလေ့လာမည်

လောပိတ ရေအားလျှပ်စစ်စက်ရုံသို့ ဂျပန်မှ ကွင်းဆင်းလေ့လာမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ အမှတ် ၂ လောပိတ ရေအားလျှပ်စစ် စက်ရုံကို ပြန်လည်မွမ်းမံရန် ဂျပန် NGO အဖွဲ့မှ ယခုအပတ်အတွင်း ကွင်းဆင်းလေ့လာရန် စီစဉ်နေကြောင်း ကရင်နီ ဖွ့ံဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG)က ပြောသည်။

လောပိတ ရေအားလျှပ်စစ် အမှတ် ၂ စက်ရုံ
Japan International Cooperation Agency (JICA) ဂျပန် NGO အဖွဲ့နှင့် KDRG အဖွဲ့တို့ မတ်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံပြီး ပြောကြားသွားခြင်း ဖြစ်သည်ဟု KDRG မှ ပြောရေးဆိုခွင့်ရှိသူ အဲလီလီက ပြောသည်။

"သူတို့ လာတွေ့တဲ့ အကြောင်းရင်က သူတို့ ဒီတစ်ပတ်အတွင်း ရက်အတိကျတော့ မပြောဘူး။ ရန်ကုန်ကို သွားပြီးတော့ လောပိတအထိ သွားပြီးှ ဒေသခံလူထုတွေနဲ့ ကွင်းဆင်းလေ့လာဖို့ ရှိတယ်။ ဒေသခံလူထုတွေရဲ့  အခြေနေကို လာရောက်စုံစမ်းမေးမြန်းခြင်း ဖြစ်တယ်” ဟု ပြောသည်။

၎င်းလောပိတရေအားလျှပ်စစ် စက်ရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဂျပန်တို့၏ စစ်လျော်ကြေးငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို ဂျပန်ဝန်ကြီးဌာနမှ မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ တိုးတက်ပြောင်းလဲနေသည်ဟု ရှုမြင်သုံးသပ်ပြီး အသိအမှတ်ပြုသောအားဖြင့် ပြန်လည်ပြုပြင်ရန် တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီ (ODA) ထောက်ပံ့ပေးမည်ဟု ယမန်နှစ်က ထုတ်ပြန်ပြောကြားသွားခဲ့ပါသည်။

ဂျပန်အစိုးရမှ ယခုလို မြန်မာနိုင်ငံသို့ ထောက်ပ့ံမှု အသစ်မပေးခင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဦးစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN) နှင့် KDRG အဖွဲ့တို့မှ ယမန်နှစ်က အစီရင်ခံစာထုတ် တိုက်တွန်းထားခြင်းများလည်း ရှိပါသည်။

“ကျမတို့ KDRG အနေနဲ့ ပြန်လည်သုံးသပ်ကြည့်တာကတော့ ဂျပန် အစိုးရ အနေနဲ့ ပြည်သူလူထုတွေက ကန့်ကွက်မှု မရှိအောင် လုပ်ဆောင်မယ့် သဘောမှာ ရှိတယ်။ လောပိတ အနီးမှာ ရှိတဲ့ ဒေသခံလူထုတွေရဲ့  လိုအပ်မှု စီမံကိန်း အစီအစဉ်တွေလည်း ပါရှိတယ်လို့ ပြောသွားတယ်။ အဲဒီအပေါ်မှာ ကျမတို့ ဒီလိုတိုက်တွန်းထားရတာ ဖြစ်တယ်” ဟု အဲလီလီက ပြောပါသည်။

လောပိတ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြည်သူပေါင်း ၁၂၀၀၀ ကျော် နေအိမ်များမှ အတင်းအဓမ္မ ပြောင်းရွှေ့ ခဲ့ပြီး ဥပဒေမဲ့ သတ်ခြင်း၊ အဓမ္မ လုပ်အားပေးစေခိုင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိသည်ဟု အစီရင်ခံစာတွင် ရေးသားထားပါသည်။

ထို့အပြင် လျှပ်စစ်စက်ရုံ အနီးတဝိုက်နှင့် လျှပ်စစ်တာဝါတိုင်အောက်တွင် မြေမြုပ်မိုင်းပေါင်း တသောင်းခန့် ထောင်ထားသည့်အတွက် ဒေသခံများနှင့် ကျွဲ၊နွားများ အန္တရာယ် တွေ့ကြံုကြရပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ လျှပ်စစ်မီးများ ပို့ဆောင်ပေးနေသော်လည်း ဒေသခံများမှာ ယနေ့အထိ လျှပ်စစ်မီး မရရှိကြပေ။

Most read this week