ရန်ကုန်မြို့ပေါ် လေးပိုင်းပိုင်း၍ မီးအလှည့်ကျ ပေးတော့မည်

ရန်ကုန်မြို့ပေါ် လေးပိုင်းပိုင်း၍ မီးအလှည့်ကျ ပေးတော့မည်
by -
မဇ္စျိမ

လျှပ်စစ်မီး သုံးစွဲသူ များပြားလာသော်လည်း လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းအား မမျှတမှုကြောင့် ရန်ကုန်မြို့ပေါ် အား အုပ်စုလေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးသည့် စနစ်ကို ပြန်လည် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့က ကြေညာသည်။

ရန်ကုန်မြို့တွင်း၊ မြို့ပြင်နှင့် စက်မှုဇုန်များအား ဧပြီလ ၂ ရက်နေ့မှ စတင်၍ လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေသုံးစွဲမည့် အစီအစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
ရန်ကုန်မြို့ပေါ်တွင် A, B, C နှင့် H ဟူ၍ အုပ်စုခွဲကာ အလှည့်ကျ မီးပေးမည်ဖြစ်ရာ တအုပ်စုကို ခြောက်နာရီစီ အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း တိုင်း လျှပ်စစ်ဓါတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် ကပြောသည်။

“မီးပေးချိန်ကို မနက် ၅ နာရီက ၁၁ နာရီထိ၊ မနက်၁၁ နာရီက ညနေ ၅ နာရီထိ၊ ညနေ ၅ နာရီက ည ၁၁ နာရီထိ၊ ည ၁၁ နာရီက မနက် ၅ နာရီထိ။ အဲလို လည်ပြီးတော့ ပေးသွားမယ်။ သက်ဆိုင်ရာ မြို့နယ်တွေက ပြည်သူတွေ ဘယ်အုပ်စုမှာပါလဲ ဆိုတာကို ကြေငြာပေးထားမယ်” ဟု မတ်လ ၂၉ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုသွားသည်။

မြို့ပြင်ပိုင်းကိုလည်း အုပ်စုသုံးစု ‘က’၊ ‘ခ’ နှင့် H ဟူ၍ခွဲကာ က နှင့် ခ ကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ တစုအား ပေးပြီး ည ၁၁ နာရီမှ နံနက် ၅ နာရီအထိကို အခြာအုပ်စုအတွက်ပေးမည် ဖြစ်သည်။

H အုပ်စုတွင်မူ ၂၄ နာရီ မီးပေးမည့် နေရာဌာနများအဖြစ် ဆေးရုံများ၊ စာသင်ကျောင်းများ၊ လုံခြံူရေးအတွက် ချထားရ သည့် အစိုးရတပ်နေရာများ၊ ဘဏ်များ၊ လေဆိပ်နှင့် ဘူတာရုံများ၊ ရဲစခန်းနှင့် အကျဉ်းထောင်များ၊ သံရုံးများနှင့် ဌာနဆိုင်ရာအချို့ ပါဝင်မည် ဖြစ်သည်။

စက်မှုဇုန်များကိုလည်း အုပ်စု နှစ်စု A နှင့် B ဟူ၍ အလှည့်ကျ မီးပေးသည့်စနစ် ကျင့်သုံးမည်ဖြစ်ရာ အုပ်စု A အတွက် မနက် ၆ နာရီမှ မနက် ၁၁ နာရီကြားနှင့် အုပ်စု B အတွက် မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ လျှပ်စစ်မီး ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။

ယမန်နှစ်က ရဲရွာ ရေအားလျှပ်စစ်မှ လျှပ်စစ်ရရှိခဲ့မှုနှင့် သုံးစွဲမှု ပမာဏ ယခုနှစ်လောက် များပြားခြင်း မရှိသောကြောင့် အလှည့်ကျလျှပ်စစ်မီး ပေးခဲ့ခြင်းမရှိဘဲ ၂၄ နာရီနီးပါး လျှပ်စစ်ရရှိခဲ့သည်။ ယခုနှစ် ရဲရွာရေအားလျှပ်စစ်မှာ ရေရရှိမှု နည်းပါးနေ၍ လာမည့် ဇူလိုင်လမှသာ မီးကို ပုံမှန်ပြန်ပေးနိုင်မည်ဟု ယူဆရကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။

“မနှစ်က ရဲရွာ ရေအားတိုးတယ်။ မီးပေးနိုင်တယ်။ ဒီနှစ်ကျတော့တနှစ်အတွင်း သုံးစွဲတဲ့ ဓါတ်အားသုံးစွဲမှု တက်လာ တယ်။ ပြီးတော့ ထပ်မံတိုးချဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေ မရှိဘူး။ ဒါကြောင့် နည်းနည်း မလုံလောက်ဖြစ်တယ်"ဟု ပြောသည်။

ရဲရွာတွင် သတ်မှတ်ချက်ရေပမာဏထက် လျော့ကျနေသည်။ ရေဝင်မှု ပမာဏမှာ တနေ့လျှင် ၁,၂၄၈ ကုဗပေ ဝင်ကာ အထွက်မှာ ၂၄,၁၅၇ ကုဗပေ ဖြစ်နေ၍ ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့တွင် မီးမကြာခဏပြက်ကာ ကြိုတင်မသိရ၍ ပို၍ခက်ခဲကြောင်း မြို့ခံများက ပြောဆို နေကြသည်။

“ကျနော်တို့က ကျောက်တံတားမှာ ရုံးစိုက်တယ်။ မီးပျက်တာက မနက်ပိုင်း တခုတည်းကို ခဏနေပြတ် ခဏနေလာ ဖြစ်နေတယ် စိတ်မရှည်ဘူး။ ပျက်မယ်ဆိုရင်လည်း ဘယ်လိုကြောင့် ပျက်မယ်ဆိုတာ ပြောပြသင့်တယ်။ ကြေငြာသင့် တယ်။ အခုက အကျိုးအကြောင်းမသိရဘူး။ အတော့်ကို စိတ်ပျက်တယ်၊ ကျနော်တို့က ကွန်ပျူတာ အသုံးပြုရတာ ဆိုတော့ စက်တွေလည်း ထိတာပေါ့ဗျာ။ မီးစက်ကိုလည်း ဖွင့်လိုက်ပိတ်လိုက်ဆိုတော့ အတော့ကို ခက်ပါတယ်ဗျာ"ဟု ဆိပ်ကမ်းသာလမ်းရှိ ပုဂ္ဂလိက ကုမပ္ပဏီတခု၏ တာဝန်ရှိသူ တဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းတွင် မီးစက်သံများညံနေကြောင်းလည်း ရန်ကုန်မြို့ခံများက “ဧပြီ ၂ ရက်နေ့မှ မပြောနဲ့ အခုကတည်းက မီးကပျက်နေပြီ။ နေ့တိုင်းကို ပျက်နေတာ။ လာလိုက်ပျက်လိုက်နဲ့ မီးစက်သံက တမြို့လုံး ညံနေပြီ” ဟု ကျောက်တံတားမြို့နယ် အတွင်းမှ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် တနေ့တာ ပုံမှန်သုံးစွဲနေသော လျှပ်စစ်ပမာဏမှာ မီဂါဝပ် ၅၂ဝ ကျော်ဖြစ်ကာ တနိုင်ငံလုံး ထုတ်လုပ် မှုမှာ ၁,ဝ၇ဝ မီဂါဝပ်ခန့်သာ ရှိနေ၍ ကျန် ၅၅ဝ မီဂါဝပ်ကို အခြားတိုင်းနှင့် ပြည်နယ်များက ခွဲဝေသုံးစွဲလျက်ရှိသည်။

၂ဝ၁ဝ ခုနှစ် က တနိုင်ငံလုံးတွင် ရေအားလျှပ်စစ်ကဏ္ဍမှ လျှပ်စစ်ယူနစ် ၅,၉ဝဝ သန်း ကျော်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ကဏ္ဍမှ ၁,၈ဝဝ သန်းကျော် ထုတ်လုပ် နိုင်ခဲ့ကြောင်း အမှတ် ၁ နှင့် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနများ၏ စာရင်းများအရ သိရသည်။

အမှတ် ၁ လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅ဝဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးလက်တောရွာပေါင်း ခြောက်သောင်းကျော် ရှိသည့်အနက် နှစ်ထောင်ကျော်သာ လျှပ်စစ်မီး ပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဦးခင်မောင်စိုးက ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ လွှတ်တော်တွင် ပြောကြားသွား ခဲ့သည်။