ရခိုင်ပြည်နယ် အလံနှင့် ရခိုင်ဝတ်စုံ ပြင်ဆင်ရန် ကြ့ံဖွံ့က ရခိုင်လွှတ်တော်တွင် အဆိုတင်

ရခိုင်ပြည်နယ် အလံနှင့် ရခိုင်ဝတ်စုံ ပြင်ဆင်ရန် ကြ့ံဖွံ့က ရခိုင်လွှတ်တော်တွင် အဆိုတင်
by -
နိရဥ္စရာ

မတ်လ ၂၉ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသားဝတ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ အဆိုုတင်သွင်းခဲ့ကြောင်း သတင်း ရရှိသည်။

Flag-of-Rakhine

"ကြံ့ခိုင်ရေးပါတီက မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်တဲ့ ဦီးသာညွန့်က ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ရခိုင်ပြည်နယ် အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံပြင်ဆင် ရေး အတွက် အဆို တင်ပါတယ်။ ဒါကို ပြည်နယ် လွှတ်တော် ဥက္ကဌကနေပြီး ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက် စရာရှိသလားလို့ မေးတဲ့အခါ ကျွန်တော်က အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံ ကိစ္စတွေ ကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးတဲ့ အတွက် ကန့်ကွက်ကြောင်း တင်တဲ့ အခါ မဲခွဲဆုံးဖြတ်ပါတယ်။ ကြံ့ဖွံ့က ၂၈ မဲ၊ ကျွန်တော်တို့ ရတပပါတီက ၁၄ မဲ၊ ကြားနေမဲ တစ်မဲနဲ့ ကြံ့ဖွွံ့က အနိုင်ရသွားပါတယ်" ဟု ဦးအောင်မြကျော်က ပြောသည်။

ကြံ့ဖွံ့ က ပြည်နယ် လွှတ်တော်တွင် ၁၃ မဲသာ ရှိသော်လည်း တပ်မတော်သား ၁၅ မဲက ကြံ့ဖွံ့ အဆိုကို ထောက်ခံသဖြင့် ကြံ့ဖွံ့ အဆိုမှာ ၂၈ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

" လာမယ့် တနင်္လာနေ့မှာတော့ ပြည်နယ်အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင် အတည်ပြုရေး ကော်မီတီိကို ဖွဲ့စည်းရေး အတွက် သူတို့ဘက်က အဆို တင်ပါလိမ့်မယ်။ အဲဒီမှာ တစ်ခါ ပြင်ဆင်၊ အတည်ပြုရေး ကော်မီတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မဲခွဲရပါအုံးမယ်" ဦးအောင်မြကျော်က ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထားကို မေးမြန်းရာ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။

" သူတို့က ဒီကိစ္စကို လွှတ်တော်မှာတင်တာကတော့ ရခိုင်ပြည်နယ် အလံ၊ ရခိုင်အမျိုးသား ၀တ်စုံတွေကို ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ပြန်လည် ဆန်းစစ်ပြီး ပြုပြင်ဖို့ မတ်လ ၂၉ ရက်နေ့က အဆိုတင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုတာက ရခိုင်ပြည်နယ် အလံဆိုတာ မဆလ ခေတ်က ပြုလုပ်ခဲ့တာ မှန်ပေမယ့် ရခိုင်ပညာရှင်တွေနဲ့ အနှစ်နှစ်အလလ တိုင်ပင်ညှိနိုင်းပြီး အချိန်ယူပြီး ပြုလုပ်ထားတဲ့ ပြည်နယ် အလံ ဖြစ်ပါတယ်။ ရခိုင်အဝတ်အစားဆိုတာကလည်း ရှေးပဝေသဏီကတည်း ၀တ်စား ဆင်ယင် လာတဲ့ ရခိုင် အမွေအနှစ်တွေ ဖြစ်ပါတယ်။ အလံပေါ်မှာလည်း ရခိုင်အမျိုးသား သင်္ကေတ သီရိ၀ိစ္ဆတံဆိပ်ကို ထည့်ထားပါတယ်။ ယနေ့ မြန်မာနိုင်ငံ အစိုးရကလည်း အမျိုးသား လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ဆိုတာကို ပြောကြားထားပါတယ်။ အမျိုးသား လက္ခဏာ မပျောက် ပျက်ရေး ဆိုတာမှာလည်း ကိုယ်လူမျိုးနဲ့ ကိုယ်၊ ကိုယ်လူအုပ်စုနဲ့ကိုယ် ရှိနေတဲ့ အမျိုးသား လက္ခဏာတွေကို အစိုး တစ်ခု အနေနဲ့၊ အဖွဲ့အစည်း တစ်ခုအနေနဲ့၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ အမြင်နဲ့ ပြင်ဆင်လို့၊ လုပ်လို့ မရဘူးလို့ ကျွန်တော်တို့မြင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကို လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်လို့လည်း မရဘူးလို့ မြင်တယ်။ ဒီကိစ္စဟာ သာမန်ကာ လျှံကာ ဆုံးဖြတ်လို့ မရဘူး။ မဲခွဲဆုံးဖြတ်မယ့် သူတွေရဲ့ အမျိုးသား အပေါ် ခံစားချက်၊ ယဉ်ကျေးမူ အမွေအနှစ်နဲ့ ပတ်သက်ပြီး နားလည်မူ သိကျွမ်းမူတွေ လိုအပ်ပါလိမ့်မယ်။ အဲသလို နားလည်မူ တစ်စုံတရာ မရှိဘဲ၊ တစ်စုံတရာ လက်လှမ်းမမှီဘဲနဲ့ မိမိသဘောနဲ့ မိမိ လုပ်သွားမယ်ဆိုရင် တစ်နေ့ နေ့ တချိန်ချိန်မှာ သမိုင်းမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြံ့ဖွ့ံမှ အနိုင်ရရှိသွားသဖြင့် ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြင်ဆင် ပြောင်းလဲ လာပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် မည်သို့ တုန့်ပြန် ဆောင်ရွက်သွားမလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ပါတီအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မြို့ပေါ်က ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီကိစ္စ အပေါ် ဘယ်လို မြင်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်သင့်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နဂိုအတိုင်း ထားသင့်သလား။ ဘာတွေကို ဖြည့်စွက် ပြုပြင်သ့င်သလဲ။ ပညာရှင်တွေရဲ့ သဘောတရား၊ အမြင်၊ အကြံ အဉာဏ်ပေးမူတွေကို ရယူသွားမယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အလုပ် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ်အလံ၊ အမျိုးသား ၀တ်စုံ ကိစ္စမှာ ရခိုင် တစ််မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် အထူး သတိထားရန် လိုအပ်ပြီး ပြင်ဆင် ပြောင်းလဲမူ လုပ်မည် ဆိုပါကလည်း အသိပညာရှင် အတတ် ပညာရှင်များနှင့် တိုင်ပင်ညှိနိုင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း စစ်တွေတွင် လူကြီးများက ပြောဆိုနေကြသည်ဟု သတင်း ရရှိသည်။

Most read this week