"ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်"

"ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်"
by -
နိရဥ္စရာ

မတ်လ ၂၂ရက်နေ့က "မြန်မာသံယဇာတ ကျိန်စာ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ Arakan Oil Watch (AOW) အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၂ရက်နေ့က "မြန်မာသံယဇာတ ကျိန်စာ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ Arakan Oil Watch (AOW) အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ဘဏ္ဍာငွေ ပွင့်လင်းမှု ပြဿနာ အကြောင်း အရင်းတွေကို ရေးသားထားတာဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိနေသော်လည်း ပြည်သူတွေ ခံစားပိုင်ခွင့်မရှိတဲ့ ကျိန်စာသင့်နေမှုကို အမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် လည်း တိုက်တွန်းထားပါတယ်။ အဲဒီ အစီရင်ခံစာ ထုတ်ပြန်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ AOW အဖွဲ့က ဒါရိုက်တာ ကိုခိုင်ကျော်ခိုင်ကို နိရဥ္စရာက ကိုမင်းဆက်ခိုင်ကနေပြီးတော့ ဆက်သွယ်မေးမြန်းထား ပါတယ်။

(ကိုခိုင်ကျော်ခိုင်တို့ ထုတ်ပြန်တဲ့ အစီရင်ခံစာကနေပြီးတော့ မြန်မာအစိုးရကို ဘာ မက်ဆိတ်ချ်(Message) ကိုပေးချင်တာလဲဗျ။)

ဖြေ။ ကျနော်တို့အဓိက ပေးချင်တာက ဒီမြန်မာနိုင်ငံကနေ နိုင်ငံခြားတိုင်းပြည်တွေကို လက်ရှိခုလောလော ဆယ်မှာ တင်ပို့ပြီးတော့ ရောင်းချလို့ရနေတဲ့ သဘာဝဓာတ်ငွေ့က ဘဏ္ဍာငွေကြေး တွေဟာဆိုရင် ပြီးခဲ့တဲ့ သန်းရွှေအစိုးရ လက်ထက်ကတည်းကပင် အခုအချိန်ထိ အဲဒီ ဘဏ္ဍာငွေဟာ ဘယ်မှာထားပြီးတော့ ဘယ်မှာ သုံးစွဲသလဲ။ ဘယ်လောက်လောက် ရနေလဲ -- ဆိုတာကို အခုထက်တိုင် ထုတ်ပြန်တာတွေမရှိသေးဘူး။ အဲဒါကြောင့် အခု လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ ဘဏ္ဍာငွေ ဘယ်လောက် ရရှိထားပြီလဲ၊ ရတဲ့ ငွေတွေကို ဘယ်မှာသုံးစွဲခဲ့သလဲ ဆိုတာကို အမြန်ဆုံး ပြည်သူ လူထုကို ချပြဖို့။ နောက်တချက်ကတော့ အဲဒီ ဘဏ္ဍာငွေကို တခြား ရေနံ့နဲ့ သဘာဝ ဓာတ်ငွေ့ ချမ်းသာတဲ့ နိုင်ငံတွေမှာလို ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း တွေ ပြဌာန်းပြီးတော့ တိုင်းပြည် အတွက် အကျိုးရှိရှိ အသုံးချသွားဖို့၊ ပြီးတော့ ပြည်သူလူထုကောင်းစား ရေးအတွက် အဓိက ထားပြီးတော့ အသုံးချသွားဖို့စတဲ့ အချက်တွေကို လက်ရှိ အစိုးရကို အသိ ပေးချင်တဲ့အတွက်ကြောင့် ဒီအစီရင်ခံစာကို ထုတ်ရခြင်းဖြစ်ပါတယ်။

(မြန်မာအစိုးရအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတဲ့ အကျိုးအမြတ်တွေကို သူတို့က ဘယ်နေရာ တွေမှာ သုံးနေတယ်လို့ ကိုခိုင်ကျော်ခိုင်တို့အဖွဲ့အနေနဲ့ သိထားတာတွေရှိလဲ။)

ဖြေ။ အခုလောလောဆယ်ကတော့ ထိုင်းနိုင်ငံကို တင်ပို့နေပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်ကနေ စပြီးတော့ ရွှေသဘာဝ ဓာတ်ငွေ့ကို တရုတ်ကို တင်ပို့ရောင်းတော့မယ်။ လက်ရှိရရှိနေတဲ့ ငွေကြေးတွေကို ဘယ်လိုသုံးစွဲ နေလဲဆိုတာကို ပြည်သူတွေ မသိရှိရပါ။ ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ ရလာတဲ့ ငွေကြေးတွေကိုလည်း အခုလိုသာ ဆက်သွားမယ်ဆိုလို့ရှိရင် ရခိုင်ပြည်သူတွေရော၊ မြန်မာပြည်သူတွေရော နစ်နာပါ့မယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဒီအစီရင်ခံစာမှာ တချက်ထောက်ပြထားတာက တခြားနိုင်ငံတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိတဲ့ နိုင်ငံတွေပေါ့ သူတို့နိုင်ငံတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်တဲ့ ပြည်နယ် တွေကိုဆိုရင် အကျိုးအမြတ် ခွဲဝေပေးတာတို့ ရှိပါတယ်။ ဥပမာ ရ၀% ခွဲဝေပေးတာတို့ရှိပါတယ်။ အဲသလို ဥပမာတွေကို ထောက်ပြပြီးတော့ ဖော်ပြထားပါတယ်။ ဒီရွှေဂတ်စ်က ရတဲ့ ဘဏ္ဍာငွေတွေကိုလည်း နိုင်ငံတ ကာ စံချိန်စံနှုန်းတွေနဲ့ သတ်မှတ်ပြီးတော့ ခွဲဝေ သုံးစွဲမယ်ဆိုရင် ရခိုင်ပြည်နယ်ကိုလည်း ရခိုင်လူထုတွေ တောင်းဆိုတဲ့အတိုင်း ဥပမာ ရ၀ %လား ၉၀ %လား ရခိုင်ပြည်သူတွေနဲ့ ညှိနှိုင်းပြီးတော့ ပေးရပါမယ်။

(ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနေရာမျိုးတွေမှာ အဓိက အသုံးပြုသင့်တယ်လို့ AWO အနေနဲ့ မြင်ပါသလဲ။)

ဖြေ။ အဓိက ဒီနေရာမှာ ကျနော် နှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။ တပိုင်းကတော့ ရွှေသဘာဝ ဓာတ်ငွေ့ ရောင်းလို့ ရတဲ့ အကျိုးအမြတ်တွေထဲက ဥပမာ ၅၀% ကို ရခိုင်ပြည်နယ် အစိုးရကို ခွဲဝေပေးလိုက်ရင် ရခိုင်ပြည် အစိုးရအနေနဲ့ ရခိုင်ပြည်ရဲ့ လိုအပ်ချက်တွေကို သုံးလို့ရမယ်။ အခု ရခိုင်ပြည်မှာ ဆိုလို့ရှိရင် ပြည်သူတွေ အလုပ်အကိုင်ရှားပါးကြတယ်။ အလုပ်အကိုင်တွေမရှိကြဘူး။ ပညာရေး ကဏ္ဍမှာဆိုရင် အောက်ဆုံးအဆင့်မှာရှိတယ်။ စီးပွားရေးအရဆိုရင်လည်း အဆင်းရဲဆုံး အဆင့်မှာ ရှိပါတယ်။ ဒါကြောင့် အဓိက လိုအပ်တာတွေကို ဖြည့်ဆည်းပေးရပါမယ်။

(လာမယ့် ၂၀၁၃မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်ကို တင်ပို့ဖို့အတွက် စီမံကိန်းတွေ စတင်အကောင် အထည်ဖော်နေပြီဆိုတော့ အဲဒီ ရွှေဂတ်စ် စီမံကိန်းဒေသက ဒေသခံတွေက အခက်အခဲတွေ ဘယ်လို ပြဿနာတွေ ကြံုတွေ့နေရပါသလဲ။)

ဖြေ။ ဒီရွှေဂတ်စ် စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ကျောက်ဖြူ အနီးတဝိုက် မလာကျွန်း၊ မဒဲကျွန်း တို့ဖက်မှာဆိုရင် ပြည်သူတွေရဲ့ လယ်မြေဆုံးရှုံးမှုတွေ၊ ဒေသခံ ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်တဲ့ အတွက် မိသားစု စားဝတ်နေရေးတွေ ခက်ခဲလာပါတယ်။ ဒီလိုမျိုးတွေ အများကြီး ကြံုတွေ့ နေရပါတယ်။ ပြီးတော့ လျော်ကြေးငွေပေးတဲ့နေရာမှာလည်း ရတဲ့သူကရတယ်။ မရတဲ့သူတွေက မရကြပါဘူး။ တခြားနိုင်ငံတွေနဲ့ နှိုင်းကြည့်မယ်ဆိုရင် လျော်ကြေးငွေ ပေးတာဟာ လုံလောက် တယ်လို့ ပြောလို့မရပါ။ ဥပမာ လယ်ကွက်တ ကွက်ဆိုရင် ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ အတွက်ကြောင့် နှစ်ပေါင်း ၂၀၊ ၃၀ စာလောက်အတွက် လျော်ကြေးပေးပါတယ်။ ရခိုင်ပြည်သူတွေ အနေနဲ့ကလည်း အဲလို လျော်ကြေးငွေတွေကို ရသင့် ရထိုက်တဲ့ အတိုင်းအတာထိ တောင်းခံဖို့လိုအပ်ပါတယ်။

(ကိုခိုင်ကျော်ခိုင်တို့ အဖွဲ့က အခုလို အစီရင်ခံစာကို ထုတ်ပြန်လိုက်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့ တစုံတခုခု ပြောင်းလဲလာမယ်လို့ အကိုတို့အနေနဲ့ မျှော်လင့်ပါသလား။)

ဖြေ။ ကျနော်တို့ ဒီအစီရင်ခံစာ ထုတ်ခြင်းအားဖြင့် အစိုးရအနေနဲ့ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူလူထု ကောင်းစားရေးအတွက် တစုံတခု လုပ်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

( ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲဖို့် တောင်းဆိုတာကို အစိုးရက လိုက်လျော့ပေးမယ်လို့ ထင်ပါသလား။ ့ ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက ရခိုင်ပြည်အတွက် ဘယ်လောက်လောက် ခွဲဝေ သုံးစွဲခွင့်ရှိတယ်လို့ ယူဆပါသလဲ။)

ဖြေ။ ရခိုင်ပြည်မှာ သုံးစွဲခွင့်ရှိတဲ့ ရာခိုင်နှုန်းအရပြောရမယ်ဆိုရင် ဒီဟာက ရခိုင်ပြည်က ထွက်တဲ့အရာဖြစ်တဲ့ အတွက်ကြောင့် ရခိုင်ပြည်သူလူထုအနေနဲ့ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရပါတယ်။ တခြား ဘရာဇီးနိုင်ငံမှာဆိုလို့ ရှိရင် ရွိုင်ယိုပြည်နယ်ဆိုတာရှိပါတယ်။ အဲဒီပြည်နယ်က ထွက်တဲ့ ဂတ်စ်ကနေ ရတဲ့ အကျိုးအမြတ်ကို အဲဒီပြည်နယ်မှာ သုံးစွဲဖို့အတွက် ရာနှုန်းပြည့် တောင်းဆိုကြပါတယ်။ တခြားတချို့နိုင်ငံတွေကို ပြန်ကြည့်ရင် လည်း ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကြားမှာ ဆွေးနွေး ညှိနှိုင်းပြီးတော့ ဥပမာ ၅၀ရာခိုင်နှုန်းလား ဘယ်လောက်ရာခိုင်နှုန်းလဲ အဲလိုအမျိုးမျိုး ရှိကြပါတယ်။ ကျနော်တခုပြောချင်တာက ရခိုင်ပြည်ကထွက်တဲ့ အတွက်ကြောင့်မို့ အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိတယ်။ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရှိပါတယ်။ အဲဒီအထဲကမှ ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းတွေအတွက် ဗဟိုအစိုးရကို ဘယ်လာက် ပေးမလဲ။ ရခိုင်ပြည်အတွက်ကော ဘယ်လောက် ယူမလဲ အဲဒါတွေကို ကြိုတင်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။

(ကိုခိုင်ကျော်ခိုင်အနေနဲ့ ရခိုင်ပြည်က ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။)

ဖြေ။ ကျနော်ပြောချင်တာကတော့ ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်။ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေဖြစ်ပါတယ်။ အဲဒီ သယံဇာတတွေဟာ ရခိုင်ပြည် သူတွေရဲ့ လူနေမှုဘဝကောင်းစားရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုရေးတွေ အဓိကအားဖြင့်ပြောရရင် ရခိုင်ပြည်ဟာ ဆင်းရဲခြင်းက လွတ်မြောက်ဖို့အတွက် အဓိက အရေးပါပါတယ်။ ဒါကြောင့် ဒီဟာတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့အတွက် ရခိုင်ပြည်သူတွေ တဦးတယောက်ကအစ ညီညီညွတ်ညွတ် နဲ့ တောင်းဆို တိုက်ပွဲဝင်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့ပြည်ကထွက်တဲ့ အရာဖြစ်တဲ့အတွက် ကြောင့် မိမိတို့မှာ ရပိုင်ခွင့် အပြည့်အဝရှိပါတယ်။

Most read this week