ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ALP နှင့် အစိုးရ ဧပြီလ ၄ ရက်နေ့တွင် စတင်မည်

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ALP နှင့် အစိုးရ ဧပြီလ ၄ ရက်နေ့တွင် စတင်မည်
by -
နိရဥ္စရာ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာစစ်အစိုးရတို့ အကြား ပြည်နယ် အဆင့် ငြိမ်ချမ်းရေး ဆွေးနွေး ပွဲကို ဧပြီလ ၄ ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်မည် ဖြစ်သည်။

U-Khing-Soe-Naing-Aung

ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ALP ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး တက်ရောက်မည် ဖြစ်သလို မြန်မာ အစိုးရဖက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဦးအောင်သောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ALP ပါတီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်က နိရဥ္စရာသို့ ယခုလို စပြောသည်။

" ဆွေးနွေးပွဲက အဆင့် နှစ်ဆင့် ရှိပါတယ်။ တဆင့်က ပြည်နယ်အဆင့်ပါ။ တဆင့်က ပြည်ထောင်စုအဆင့် ဆို ပြီး နှစ်ဆင့်ရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ်မှာ ပြည်နယ်အဆင့်မှာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲတွင် ALP ပါတီအနေဖြင့် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ဦးခိုင်စိုးနိုင် အောင်က ယခုကဲ့သို့ ရှင်းပြ ပြောဆိုသည်။

" ပြည်နယ် အဆင့်မှာ ဆွေးနွေးတဲ့အခါမှာ အဓိက ဆွေးနွေးဖို့ အကြောင်းအရာကတော့ နံပါတ် (၁) မှာ အပစ် အခတ် ရပ်စဲရေး ဖြစ်ပါတယ်။ နံပါတ် (၂) မှာကတော့ အပစ်အခတ် ရပ်စဲရေးကာလ အတွင်းမှာ နှစ်ဖက်တပ် တွေ သတ်မှတ်နယ်မြေမှအပ ကျူးကျော်သွားလာခြင်း မပြုရ၊ နံပါတ် (၃) က အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မှာ သတ်မှတ်ထားတဲ့ နယ်မြေက နေပြီးတော့ မြန်မာစစ်တပ် အားလုံး ဆုတ်ခွါပေးရမယ်။ နံပါတ် (၄) ကတော့ ဆက်သွယ် ရေးရုံးတွေ ဖွင့်ဖို့အတွက် တင်ပြမယ်။ နံပါတ် (၅) အနေနဲ့ ALP တပ်မတော် သားတွေအနေနဲ့ လက်နက်မပါဘဲ မြန်မာ တနိုင်ငံလုံးကို သွားခွင့်လာခွင့် ပေးရမယ်။ နံပါတ် (၆) ကတော့ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အ ခတ် ရပ်စဲကြောင်း ဦးသိန်းစိန်အစိုးရက ကြေညာရမယ်။ အဲဒီအချက်တွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးသွား မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးသိန်းစိန်အစိုးရ ယခု ကြိုးပမ်း လုပ်ဆောင်နေသည့် အပစ်အခတ် ရပ်စဲရေးသည် ရေရှည် တည်တံ့မည့် အပစ်အခတ် ရပ်စဲရေး မဟုတ်ဘဲ ယာယီ အပစ်အခတ် ရပ်စဲရေး တရပ်သာ ဖြစ်သည်ဟု မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သော ALP ပါတီ၏ နှစ်ပတ်လည် ဒုတိယ အ ကြိမ် ဗဟိုကော်မီတီ အစည်းအဝေး ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ဦးသိန်းစိန် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို ယုံကြည်မှု မရှိဘဲ မည်သည့် အတွက်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပါသလဲဟု မေးမြန်းရာ ဦးစိုးနိုင်အောင်က ယခုကဲ့သို့ ပြောသည်။

" နိုင်ငံတကာ ကိုလေ့လာကြည့်တဲ့အခါမှာ နည်းဗျူဟာတွေ ကောင်းလို့ ရှိရင် အဲဒီ နည်းဗျူဟာ တွေက မဟာဗျူဟာကို အထောက်အကူ ပြုတဲ့သဘော ဖြစ်လာနိုင်ပါတယ်။ အဲဒီ အပေါ်မှာ ကျွန်တော်တို့ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံတာဖြစ်ပါတယ်။ နောက်တခုက တွေ့ဆုံဆွေး နွေးရေးကို လက်မခံလို့ရှိရင် ALP က ငြိမ်းချမ်းရေးကို မလိုလားဘူး။ အဲဒီလို အမြင်တွေလည်း မြင်သွားနိုင်ပါ တယ်။ အဲဒါကိုလည်း တစုံတရာ Cover ဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ လက်ခံတာ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲသို့ ALP ဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် (၁၀)ဦးနှင့် ရုံးအဖွဲ့ဝင် (၁၁)ဦး လိုက်ပါမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်မှ ALP ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်အဖွဲ့၊ အိန္ဒိယ-မြန်မာနယ်စပ်မှ ဒု အဖွဲ့ခေါင်းဆောင် ခိုင်သုခ (တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂) ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလာ-မြန်မာနယ်စပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့ သုံးဖွဲ့ခွဲကာ သွားရောက်မည်ဟု သိရသည်။

Most read this week