"အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါး စာပေ စိစစ်ရေးမှ ခေါ်ယူသတိပေး

"အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါး စာပေ စိစစ်ရေးမှ ခေါ်ယူသတိပေး
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အပတ်စဉ် ပုံမှန် ထုတ်ဝေနေသော တိုးတက်ရေး ဂျာနယ်ပါ "အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါးနှင့် ပတ်သက်ပြီး စာပေ စိစစ်ရေးမှ ထုတ်ဝေသူ အား ခေါ်ယူသတိပေးမူ ပြုလုပ်ခဲ့သည်။

တိုးတက်ရေး သတင်းလွှာအား ပြည်သူများ နှစ်ခြိုက် အားပေးလျှက်ရှိသည်။ (ဓါတ်ပုံ- နိရဥ္စရာ)

တိုးတက်ရေး သတင်းလွှာ ဂျာနယ်အား ပါတီမှ တာဝန်ယူ ထုတ်ဝေနေသူ ဦးမျိုးနိုင်ကို စာပေ စိစစ်ရေးအဖွဲ့ ဒုညွှန်ကြားရေးမှူးက ခေါ်ယူ သတိပေးခဲ့ခြင်း ဖြစ်သည်။

" ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က ကျွန်တော်တို့ ထုတ်ခဲ့တဲ့ တိုးတက်ရေး သတင်းလွှာ အတွဲ ၂၊ အမှတ် ၄ မှာ ဆောင်းပါးရှင် တိုးတက်ခိုင် ရေးတဲ့ "အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အဝါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါးကို စာပေစိစစ်ရေးက ခေါ်ယူ သတိပေးတာ ဖြစ်ပါတယ်။ ဒီလ ၁၇ ရက်နေ့ က ကျွန်တော်တို့ကို ခေါ်ယူပြီး နောက်နောင် ဒီလို ဆောင်းပါးတွေကို မဖေါ်ပြဖို့ သတိပေးပြီး ခံဝန်ချက် လက်မှတ်လည်းရေးထိုး ခိုင်း ပါတယ်" ဟု ထုတ်ဝေသူ ဦးမျိုးနိုင်က နိရဥ္စရာသို့ ပြောသည်။

ဆောင်းပါးတစ်ခုလုံး အတွက် ခေါ်ယူသတိပေးခြင်း ဖြစ်ပြီး နအဖ စစ်အစိုးရ လက်ထက်က ထုတ်ပြန်ခဲ့သော ဥပဒေ တစ်ခုနှင့် ငြိစွန်းနေသည်ဟု ဆိုကာသတိပေး ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဦးမျိုးနိုင်က ပြောသည်။

" ဆောင်းပါးမှာတော့ ဝေဝေဆာဆာ ရေးထားပါတယ်။ သူတို့ ကန့်ကွက်တယ်ဆိုတာက ညွန်ကြားချက် အမှတ် ၄၄ လို့ ပြောပါတယ်။ စစ်အစိုးရလက်ထက်က ထုတ်ခဲ့တဲ့ ညွန်ကြားချက်ပါ။ အဲဒီညွန် ကြားချက် အပေါ်မှာ မူတည်ပြီး သတိပေး ကန့်ကွက်တယ်လို့ ပြောပါတယ်။ ဆောင်းပါး ထဲမှာ ကတော့ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ ဥပဒေအကြောင်းအရာ လေးတွေကို ဝေဖန် သုံးသပ်ထားတွေ ပါ၀င်ပါတယ်။ ဆောင်းပါးကတော့ သုံးမျက်နှာခန့် ရှိပါတယ်။ ဘယ်အကြောင်း အရာ ပေါ်မှာ သတိပေးတယ်ဆိုတာကိုတော့ အတိအကျ သူတို့ မပြောပါဘူး။ ဆောင်းပါးတခုလုံး အပေါ်မှာဘဲ သတိပေးတာပါ။ ဆောင်းပါး မှာတော့ ရေးထားတဲ့ အချက်တွေကလည်း အများကြီးပါ။"

တိုးတက်ရေး ဂျာနယ်ကို ပုံနှိပ်ထုတ်ဝေပြီးှမှ စာပေ စိစစ်ရေးသို့ ပုံမှန် (၁၀) စောင်ကျစီ တင်ပေးရပြီး ယခု အကြိမ် ခေါ်ယူ သတိပေးမူမှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

" ခု ခေါ်ယူသတိပေးတာကတော့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘာမှ ပြောစရာမရှိပါ ဘူး။ ကျွန်တော်တို့က သူတို့ထုတ်ထားတဲ့ ညွန်ကြားချက်အရဘဲ ရေးရမယ် ဆိုတဲ့ အတွက် စာပေစိစစ်ရေးက ထုတ်ထားတဲ့ ဥပဒေတွေနဲ့ မငြိစွန်းရအောင် ရေးကြရမှာပေါ့။ ကျွန်တော်တို့က ဥပဒေဘောင်ထဲကထုတ်ဝေ နေတဲ့ စာစောင်ဆိုတော့ ဥပဒေနဲ့ မငြိစွန်းအောင်တော့ လုပ်ရမှာ ဖြစ်ပါတယ်" ဟု ဦးမျိုးနိုင်က ပြောသည်။

တိုးတက်ရေး သတင်းလွှာကို စာပေစိစစ်ရေးက ခေါ်ပြီး သတိပေးခံရခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထား အမြင်ကို မေးမြန်းရာ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလို ပြောသည်။

" ကျွန်တော်တို့ ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီ စာစောင်ကို ခေါ်ပြီးတော့ သတိပေးတဲ့ အချိန်မှာ ရန်ကုန်မှာ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းနဲ့ တခြား ယူနက်စကို၊ နိုင်ငံတကာ သတင်းထောက်တွေနဲ့ ဗမာပြည်ရဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီလို ဗမာပြည်ရဲ့ မီဒီယာ ဥပဒေ၊ မီဒီယာ မြှင့်တင်ရေးအတွက် လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီငယ် တခုရဲ့ စာစောင်လေး တစ်ခုအပေါ်မှာ အဲဒီလို တင်းတင်းမာမာ သတိပေးတာဟာ တဖက်သတ် ဆန်နေတယ်။ တိုင်းရင်းသား ပါတီ တစ်ခု အပေါ်မှာ ဖိအား ပေးတယ် လို့ဘဲ ကျွန်တော်တို့ ခံစားမိတယ်။ ဘာမှကြီးကျယ်တဲ့ ဟာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က စနစ်ဟောင်းတုန်းက အဖြစ်အပျက်လေးတွေကို တင်ပြတာပါ။ အဲဒီမှာ တိုင်းရင်းသားတွေဆိုတော့ ပွင့်ပွင့်လင်းလင်း ဝေါဟာရအသုံးနှုန်းတွေ နည်းနည်း တင်းတင်းမာမာလေး တွေ ပါသွားတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို လုပ်နေတဲ့ အချိန်မှာ ဒါမျိုးဖြစ်တာကတော့ ကျွန်တော်တို့ ဘက်က တော်တော်လေး စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု ပြောသည်။

သို့သော် မီဒီယာ ဥပဒေ အသစ်များ မထွက်ပေါ်လာမှီ ဥပဒေ အဟောင်း အတိုင်း ဆောင်ရွက် နေရသဖြင့် တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်မူ ပေးနိုင်ကြောင်းဖြင့်လည်း ဦးဦးလှစောက ပြောသည်။

" သူတို့တွေကလည်း အယင်တုန်းက မူဝါဒဟောင်းတွေနဲ့ လုပ်နေကြတယ်။ နောက် သိပ် မကြာခင်မှာဘဲ မူဝါဒသစ်တွေ ပြောင်းလာမယ်ဆိုတော့ ပိုပြီး လွတ်လပ်လာမယ်။ နည်းနည်းပါးပါး ချင့်ချိန်ပြီး ရေးပေးပါလို့ ပျော့ပျော့ပျောင်းပျောင်း ပြောတာလဲ ရှိတဲ့့ အတွက် ကျွန်တော်တို့ ဘက်ကလည်း တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်ပေးလို့ ရပါတယ်" ဟု ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ထုတ်ဝေသော တိုးတက်ရေး သတင်းလွှာကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး တစ်လ သုံးကြိမ်နုန်းဖြင့် ထုတ်ဝေပြီး တစ်ကြိမ်ကို စောင်ရေ လေး-ငါးထောင်ခန့် ရိုက်နှိပ် ထုတ်ဝေသည်ဟု သိရသည်။ အတွဲ ၂၊ အမှတ် ၄ ဂျာနယ်မှာ ၁၆ အုပ်မြှောက် စာစောင်ဖြစ်သည်။ ရောင်းစျေးမှာ တစ်လ သုံးစောင်ကို ကျပ် ၁၀၀၀ နုန်း ဖြစ်ကြောင်း သိရသည်။

တိုးတက်ရေး သတင်းလွှာမှာ လက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်နေသော အကြောင်း အရာများကို မကွယ်မဝှက် မထိန်မချန် အဖြစ်မှန်အတိုင်း ရေးသား ဖေါ်ပြသဖြင့် ရခိုင်ပြည်သူများက နှစ်သက် သဘောကျ လက်ခံကြသည်ဟု သိရသည်။

Most read this week