ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့ အဓိက ပင်မအချက် အချာကျတဲ့ နေရာဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေသလို ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့ အဓိက ပင်မအချက် အချာကျတဲ့ နေရာဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေသလို ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။ သဘာဝဓါတ်ငွေ့ပို့လွှတ်မယ့် စက်ရုံတွေ၊ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ တရုတ်အင်ဂျင်နီယာတွေ နေထိုင်ဖို့ တိုက်တာ အဆောက်အဦးတွေ ကိုလည်း ဆောက်လုပ်နေပါတယ်။ အခုလို ကျွန်းပေါ်မှာ စီမံကိန်းကြီးတွေကို တည်ဆောက်နေတဲ့ အတွက် ဘိုးစဉ် ဘောင်ဆက် အဲဒီကျွန်းပေါ်မှာနေထိုင် လာတဲ့ ဒေသခံ ရခိုင် ပြည်သူတွေရဲ့ အခြေအနေက ဘယ်လို ရှိနေပါသလဲ။ ကျွန်းပေါ်က အရပ်လူကြီး တစ်ဦးကို နိရဥ္စရာက ဖုံးထဲကနေ မေးမြန်းခွင့်ရခဲ့ပါတယ်။ သူက သူတို့ နေထိုင်တဲ့ မဒေးကျွန်း အကြောင်းက စပြီး ခုလိုပြောပါတယ်။
( မဒေးကျွန်းပေါ်မှာ ရွာပေါင်း ဘယ်နှစ်ရွာရှိပြီး လူဦးရေက ဘယ်လောက်ရှိပါသလဲ)
-မဒေးကျွန်းမှာ ရွာကြီး သုံးရွာရှိတယ်။ ရွာမရွာ၊ ပြိန်ရွာ၊ ကျောက်တန်းရွာ ဖြစ်ပါတယ်။ အဲဒီရွာကြီး သုံးရွာမှာ အိမ်ခြေ ရ၀၀ လောက်ရှိပါတယ်။ လူဦးရေက ၂၀၀၀ ကျော်ရှိမယ်ထင်တယ်။
(အများစု ဘယ်လို အသက်မွေးဝမ်းကျောင်းကြပါသလဲ)
-ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ အများစုကတော့ တံငါ လုပ်ငန်းနဲ့ အသက်မွေးကြပြီး တချို့လည်း လယ်ယာစိုက်ပျိုးတာတို့၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးတာတို့၊ နွားမွေးတာတို့နဲ့ အသက်မွေးကြပါတယ်။ ဒါကအရင်က အခြေအနေပါ။ အခုတော့ အဲသလို အသက်မွေးဝမ်းကျောင်း အလုပ်တွေ မရှိသလောက် ဖြစ်သွားပါပြီ။
(ဘာကြောင့်ပါလဲ)
-ကျွန်တော်တို့ မဒေးကျွန်းမှာ ရှိနေတဲ့ လူတွေက တံငါလုပ်ငန်းနဲ့ အသက်မွေး ကြတာပါ။ အဲဒီ တရုတ်တွေ က ဆိပ်ကမ်းကြီးတွေ ဆောက်တယ်။ အဲဒီ ဆိပ်ကမ်း ဆောက်တဲ့နေရာက ထွက်လာတဲ့ ကျောက်တွေ၊ ရွံ့နွံတွေကို မြစ်ချောင်း အနှံ့ စည်းကမ်းမရှိ လွင့်ပစ်တော့ ကျွန်တော်တို့အတွက် ငါးဖမ်းလို့ မရတော့ဘူး။ ငါးတွေ လည်း မရှိတော့ဘူး။ ငါးဖမ်းရင်လည်း သူတို့ သင်္ဘောကို ရှောင်ရတာက တမျိုး၊ သူတို့ တူးနေတဲ့ ရွှံနွံ့တွေ၊ ကျောက်တွေ အောက်ကို ရောက်သွားတဲ့ အတွက် ပိုက်တွေ ဆုံးရှုံးတာ တမျိုး၊ ကျွန်တော်တို့အတွက် လုပ်စားစရာ အခွင့်အရေး မရှိတော့ဘူး။
(လယ်ယာလုပ်ငန်းတွေက ဘယ်လိုရှိပါသလဲ)
-ကျွန်တော်တို့ ဒေသမှာက အယင်တုန်းကဆိုလို့ရှိရင် နွားစားကျက်တွေ အများကြီးရှိတယ်။ တရုတ်တွေ က မြေတွေညှိတယ်။ တောင်တွေ ဖြိုလိုက်တော့ နွားတွေကိုလည်း လွတ်ထားလို့ မရတော့ဘူး။ နွားတွေနေစရာ တွေ၊ စားစရာတွေ ပျောက်သွားတယ်။ နောက်ပြီးတော့ စိုက်ပျိုးမြေတွေ အကုန်ပျက်တယ်။ တောင်တွေကို ဖြိုလိုက်တော့ အောက်မှာရှိတဲ့ လယ်မြေတွေဟာ သဘာဝမြေသြဇာဆိုတာ လုံးဝ မရှိဘဲ ဖြစ်သွားပါတယ်။ တောင်ကျချောင်းတွေကို ပိတ်ပြီးဆည်လိုက်တော့ အောက်မှာ ရှိတဲ့ လယ်တွေလည်း အားလုံး ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ ဒေသကတော့ အားလုံးပျက်စီးဖို့ အနေအထား ရှိပါတယ်။
(ဒေသခံတွေကို အလုပ်ပေးတာတွေကော ရှိတယ်မဟုတ်ဘူးလား)
-ဒေသခံတွေကို တရက်ကို ၆၀၀၀ နဲ့ အလုပ်ပေးဖို့ ခေါ်ယူပြီးတော့ ဖြတ်စားတဲ့လူတွေက ဖြတ်စားလိုက် တော့ ၂၀၀၀ လောက်ဘဲ ရတယ်။ သူတို့ဆီမှာ လူတိုင်းလည်း အလုပ် မရဘူး။ ရတဲ့ အလုပ်တွေကလည်း ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေ။ အနိုင်ကျင့်တာတို့၊ တစ်နေ့လုံး မနားမနေ ခိုင်းတာတွေလည်း ရှိတယ်။ သူတို့ဆီက အလုပ်နဲ့ ဒေသခံတွေက ထမင်းဝအောင် မစားရတဲ့ အဆင့်ဘဲ ရှိပါတယ်ခင်ဗျား။ အလုပ်သမား တော်တော်များများက အဲဒီ အခက်အခဲတွေ ကြံုနေရပါတယ်။
(အဲဒီမှာ ပြည်သူတွေအတွက် စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးတယ်ဆို)
-အခုတော့ ဆေးခန်းတခန်း ဆောက်ပေးတယ်။ အဲဒီဆေးခန်းမှာ ဆရာဝန်ထိုင်မလား။ ကျန်းမာရေးမှူး ထိုင်မလား ကျွန်တော်တို့လည်း မသိဘူး။ နောက်ပြီးတော့ ကျောင်းဆောင် တစ်ဆောင် ဆောက်ပေးတယ်။ အဲဒီကျောင်းမှာတောင် နေမယ့် ကျောင်းသား မရှိဘူး။ သူတို့ ဆောက်ပေးတဲ့ ကျောင်းဆောင်သစ်တွေက ဒေသခံတွေအတွက် အကျိုးစီးပွား ဖြစ်လာဖို့မရှိဘူး။ ပညာရေးလည်း မြင့်တက်လာဖို့ အခြေအနေ မရှိဘူး။ ဘာလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသမှာက စားဝတ်နေရေး တော်တော့ကို အခက်အခဲ ရှိတယ်။ အဲဒီ တရုတ်တွေ လုပ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံးမှာ ရှိတဲ့ မြစ်တွေမှာလည်း ပျက်စီးသွားပြီ။ ငါးဖမ်းလို့လဲ မရတော့ဘူး။ ဒေသခံ ထက်ဝက်ကျော်ဟာ စားဝတ်နေရေး အခက်အခဲ ကြံုနေရတယ်။ ဒါကြောင့် သူတို့ ဆောက်ပေးတဲ့ ကျောင်းတွေကို မြင်လေ ကျွန်တော်တို့က ဒေါသပိုလေဘဲ။ စားစရာ မရှှိတဲ့ နေရာမှာ အဲဒီကျောင်းတွေ ဘာလုပ်မှာလဲ။
( ဒီလို အခွင့်အရေးတွေ ဆုံးရှုံးနေတာကို အထက် အာဏာပိုင်တွေကို တင်ပြတာတွေ မလုပ်ဘူးလား ခင်ဗျား)
-ကျွန်တော်တို့က ကြိုးစားတုန်းဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကို အကူအညီပေးမယ့်သူ မရှိသေးလို့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး။ ဒါကြောင့် အဲဒါကို အခုအချိန်ထိ မလုပ်ဖြစ်သေးဘူး။ ပီးရင်ဒေသခံတွေ က အထက်ကို တင်ပြရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ယုံကြည်မူလည်း မရှိ ဖြစ်နေကြတယ်။
(ကိုယ်အစိုးရဘဲ။ တိုင်းတန်းရင် သူတို့သိလာမှာပေါ့။ သိရင် ဖြေရှင်းပေးမှာပေါ့။ မဟုတ်ဘူးလား)
-ကျွန်တော်တို့က ဒီလို မထင်ဘူး။ အခုကျွန်တော်တို့ကို ဘဝပျက်အောင် လုပ်နေတာမှာတရုတ်တွေသာ မကဘူး။ အုပ်ချုပ်တဲ့ လူကြီးတွေလည်း ပါတယ်။ ကျွန်တော်တို့ ဒေသမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဆိုပြီး ကန်ပေါင်တလျှောက်လုံးမှာ၊ ရွာအနီး တဝိုက်မှာ အနီရောင်နောက်ခံမှာ အဖြူရောင်စာတန်းနဲ့ စည်းကမ်းချက်တွေ အများကြီး ရေးပြီး ကျွန်တော်တို့ ရွာသူရွာသားတွေကို အသိပေး ကန့်သတ်ထားပါတယ်။ စာရေးထားတာက အများကြီးဘဲ။ အဲဒီမှာ အဓိက အကြောင်းရင်းကတော့ ကျွဲနွား တိရိစ္ဆာန်တွေ မမွေးမြူရဘူး၊ ပေါင်းမရှင်းရဘူး၊ မီးမရှို့ရဘူး၊ နောက်ပြီး ဥယျာဉ် အသစ်မချရဘူး၊ ရေမကူးရဘူး၊ ငါးမမျှားရဘူးဆိုပြီး ရေးထားပါတယ်။ ဒါကြောင့် သူတို့ကို တိုင်ရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။
( အဲသလို တားမြစ်တဲ့ အတွက် ဒေသခံတွေမှာ အခက်အခဲတွေရှိလား)
-ကျွန်တော်တို့ ဒေသက နွားတွေကို လွှတ်ပြီး မွေးတယ်။ အခု နွားမွေးလို့ မရတော့ဘူး။ ခုလိုကန့်သတ် ထားတဲ့ အတွက် ဥယျာဉ်ခြံမြေတွေကိုလည်း မလုပ်ရတော့ဘူး။ ဥယျာဉ်ထဲမှာ ပေါင်း မခုတ်ရ။ မီးမရှို့ရဘူးဆို ရင် ကျွန်တော် ဥယျာဉ်တွေက ပေါင်းထပြီး ပျက်စီးသွားတာပေါ့။ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေးအခက် အခဲတွေရယ်၊ နောက်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရတဲ့ ကန့်သတ်ချက် ရှိတဲ့အခက်အခဲ၊ နောက်ထပ် ဥယျာဉ် အသစ် ထပ်မချရဘူး။ ကျွဲ နွားတိရိစ္ဆာန်တွေ မွေးမြူလို့ မရဘူး။ အဲဒီမှာ အတည်တကျ နေဖို့အတွက်တဲတွေနဲ့ အိမ်တွေလည်း ဆောက်ခွင့်မပေးဘူး။ အဲဒါတွေကြောင့် အခက်အခဲ ဖြစ်နေရပါတယ်။
( ဒေသခံတွေ တိုးတက်ရာ တိုးတက်ကြောင်း သူတို့က တစ်ခုတလေတောင် လုပ်ပေးတာမျိုး မရှိဘူးလား )
-ဒေသခံပြည်သူတွေအတွက် ဘာမှ လုပ်ပေးတာ မရှိသေးဘူး။ အဲဒီမှာ ရေကန်ကြီးတစ်ခုတော့ ဆည်ဖို့ထား တယ်။ ဒေသခံတွေကို ရေပေးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ဒေသက အယင်တုန်းကတည်းက သောက်ရေ သုံးရေ အပြည့်အစုံရတဲ့ဒေသ ဖြစ်တယ်။ အဲဒီ ရေတခုပေးတာနဲ့ ကျွန်တော်တို့ ဒေသက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
( အဲဒီ ဆည်ကန်ကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမူတွေ ရှိနေတယ်ဆိုပြီး အသံတွေထွက်နေတယ်။ အဲဒါဘာကြောင့်ပါလဲ)
-ကန်ကြီးတခုလုံး ရေပြည့်သွားတော့ အဲဒီမှာ ကန်ရဲ့ တောင်ဖက်ခြမ်းမှာ ပါသွားတဲ့ ဥယျာဉ် ခြံမြေတွေကို သွားလာရခက်ခဲသွားတယ်။ အဲဒီ ဥယျာဉ်ခြံမြေကို အယင်တုန်းက ၁၀ မိနစ်ဘဲ သွားရတယ်။ အခု ၂ နာရီ လောက် သွားနေရတယ်။ ဥယျာဉ်ရောက်ဖို့အတွက် မနည်း ကြိုးစားပြီး သွားနေရပါတယ်။ အဲဒီ ဥယျာဉ်ခြံကို ပြန်ပြီး လုပ်စားဖို့ဆိုတာ အခြေအနေ လုံးဝမဖြစ်တော့ဘူး ဖြစ်နေတယ်။ ဥယျာဉ်ကထွက်တဲ့ ကွမ်းသီးတွေ၊ ခြံထွက် အသီး အနှံတွေကို တခြားနေရာတွေကို သွားရောင်းဖို့အတွက် သယ်ယူဖို့ လုံးဝအခက်အခဲ ဖြစ်သွားပါတယ်။
(ဒီလို ကန်ဆည်တဲ့အတွက် အဲဒီကန်အောက်မှာ ပါသွားတဲ့ မြေတွေက ခင်ဗျားတို့ ပိုင်တဲ့ မြေတွေလား၊ အဲဒီအထဲမှာ ဥယျာဉ် ခြံမြေတွေ ပါသွားတာ ရှိပါသလား)
-ဟုတ်ကဲ့ ပါသွားပါတယ်။ အဲဒီမှာ ပါသွားတာတွေအတွက် သူတို့ သတ်မှတ်ထားတဲ့ လျော်ကြေးကိုတော့ လျော်ပေးသွားပြီ။ ဒါပေမယ့် ဟိုလူကြီးက ဟိုအကြောင်းပြဖြတ်၊ ဒီလူကြီးက ဒီအကြောင်းပြဖြတ်နဲ့ ဒေသခံ တွေက နည်းနည်းလေးဘဲ ရလိုက်ပါတယ်။