နိုင်ငံရေး ဦးဆောင်မှု ရှေ့တဆင့် တက်ဖို့ စုပေါင်းသဘောတူညီမှု ကရင်နီ ရရှိ

နိုင်ငံရေး ဦးဆောင်မှု ရှေ့တဆင့် တက်ဖို့ စုပေါင်းသဘောတူညီမှု ကရင်နီ ရရှိ
by -
ကန္တာရဝတီတိုင်း(မ်)

အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ပဏာမအဆင့် သဘောတူလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ကြတဲ့ ကရင်နီလူထုနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတွေ ပြုလုပ်နေပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေအောက်မှာ နိုင်ငံရေး ကိစ္စဝိစ္စတို့ကို ဆောင်ရွက်ရာမှာဖြစ်စေ၊ နိုင်ငံရေးပါတီ တရပ် အနေနဲ့ ထူထောင်ဖို့ လိုအပ်လာပါက ကရင်နီ အပစ်အခတ်ရပ်စဲရေး အဖွဲ့တို့ အနေနဲ့ KNPP ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ စုစည်းသွားကြဖို့ သဘောတူလက်ခံခဲ့ကြပြီ ဆိုတဲ့အကြောင်း လူထုရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ကေအဲန်ပီပီမှ နိုင်ငံခြားရေး ဒု-၀န်ကြီး ရွှေမျိုးသန့်က လူထု ရှင်းလင်းပွဲမှာ ပြောကြားစဉ်

ကေအဲန်ပီပီမှ နိုင်ငံခြားရေး ဒု-၀န်ကြီး ရွှေမျိုးသန့်က လူထု ရှင်းလင်းပွဲမှာ ပြောကြားစဉ်“ကျနော်တို့ ပြန်လာတာကို ကျနော်တို့ ဒီကေအဲန်ပီပီဆိုတာ မိဘသဖွယ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်တဲ့ အပစ်ရပ်အဖွဲ့အားလုံးက ကြိုဆိုတဲ့ အကြောင်း နိုင်ငံရေးနဲ့ ပါတ်သက်ပြီးတော့မှ ကျနော်တို့ ဦးဆောင်မှုကို ခံယူမယ့်အကြောင်း တကယ်လို့ ကျနော်တို့ တနေ့တချိန်မှာ နိုင်ငံရေး စကားပြောဖို့ ဒီပါတီတရပ် အနေနဲ့ ထူထောင်ဖို့ လိုအပ်တယ်ဆိုရင်လည်းပဲ ဒီကေအဲန်ပီပီ ဆိုတဲ့ အမည်ဟာ ၁၉၅၇ ခုနှစ်ထဲက စတင်သုံးစွဲခဲ့တဲ့ အမည် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအမည်အောက်မှာပဲ ကျနော်တို့ စုစည်းကြဖို့.. လုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းတွေ သဘောတူမှုတွေ ရခဲ့တယ်။”

KNPP မှ နိုင်ငံခြားရေး ဒု-၀န်ကြီး ရွှေမျိုးသန့်က မတ်လ ၁၆ ရက်နေ့ ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ ပြုလုပ်ခဲ့တဲ့ လူထုရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့က KNPP နဲ့ ကရင်နီ အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့တို့ တွေ့ဆုံစဉ်မှာ သဘောတူလက်ခံ လိုက်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ အဖွဲ့အစည်းတွေ အကြားမှာ ဆက်ဆံရေးနဲ့ လူထုဖွံ့ဖြိုးရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် join committee တရပ်ကို တဖွဲ့မှာ လူ ၃ ဦးစီ ပါ၀င်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။

ငြိမ်းချမ်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်မှာ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ  KNDP ခေါ် နဂါးအဖွဲ့မှ လွဲ၍ KNPP အပါအဝင် ကျန်ရှိနေတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး  (KNPLF ခေါ် ကလလတ)၊ ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေး (KNSO ခေါ် ကြယ်ဖြူ)နဲ့ KNPDP ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွ့ံဖြိုးတိုးတက်ရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

“ကရင်နီပြည်မှာ ရှိတဲ့ မည်သည့် အဖွဲ့အစည်းမဆို မည်သည့်လူမျိုးမဆို ညီညီညွတ်ညွတ်နဲ့ ရှိဖို့က အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ အရင်တုန်းက မရှိဘူးလား ဆိုတော့ ရှိပါတယ်။ ဒါပေမဲ့ အားနည်းနေလို့ အခုတဆင့် တက်ပြီးတော့မှ ကျနော်တို့ ညီညွတ်ပါမှ ကျနော်တို့အတွက် ဘဝလုံခြံုမယ် ကျနော်တို့ရဲ့ ငြိမး်ချမ်းရေးဟာလည်း တည်တံ့ခိုင်မြဲမယ်။ နောက်ပြီးရင် သင့်သင့်မြတ်မြတ် ရှိတာဟာလည်း တည်တံ့ခိုင်မြဲလာမယ်လို့ ကျနော့် အနေနဲ့ ယုံကြည်ပါတယ်”
ကေအဲန်ပီပီ ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ကရင်နီလူထုတွေ
KNPP နဲ့ တွေ့ဆုံစဉ် KNPLF ဒု-ဥက္ကဌ ဦးထွန်းကျော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကေအဲန်ပီပီ ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ကရင်နီလူထုတွေကလလတဟာ KNPP မှ ၁၉၇၈ ခုနှစ်က ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပါတယ်။ KNPDP ဟာ KNPP ကနေ ၁၉၉၉ ခုနှစ်မှာလည်းကောင်း၊ KNSO ဟာ KNPP မှ ၂၀၀၂ ခုနှစ်မှာလည်းကောင်း ခွဲထွက်ခဲ့ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ကြပါတယ်။

အခု KNPP မှ ပြုလုပ်တဲ့ လူထုရှင်းလင်းပွဲကို အမှတ် ၁ ဒုက္ခသည်စခန်းမှ လူထု ၂၀၀၀ ခန့် တက်ရောက် နားထောင်ခဲ့ကြပါတယ်။ လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းမှာလည်း လူထုရှင်းလင်းပွဲတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။