အသိမ်းခံ လယ်မြေခွန် တောင်သူက ပေးဆောင်နေရ၍ နစ်နာမူရှိ

အသိမ်းခံ လယ်မြေခွန် တောင်သူက ပေးဆောင်နေရ၍ နစ်နာမူရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မောင်းချောင်းကျေးရွာမှ လယ်သမားကြီး တစ်ဦးမှာ သူပိုင် လယ်များကို စစ်တပ်မှ သိမ်းယူသွားခဲ့သော်လည်း လယ်ခွန်ကို နှစ်စဉ် မပျက်မကွက် ပေးဆောင် နေရသဖြင့် နစ်နာမူများ ရှိနေကြောင်း သတင်း ရရှိသည်။

လယ်သမားကြီး ဦးစိုးအောင်ပိုင် လယ်မြေကို ဒေသအတွင်မှ စီးပွားရေး သမားကြီးများက စစ်တပ်နှင့် ပေါင်းကာ လုပ်ကိုင်နေသည်။ ဓါတ်ပုံ- ဖိုးခေါင် (တောင်ကုတ်)
" လယ်သမားကြီး ဦးစိုးအောင် ပိုင်တဲ့လယ် ၆ ဧကထဲက ၄ ဧကကို စကခ (၅)က ၂၀၀၂- ၂၀၀၃ ခုနှစ်ကတည်းက သိမ်းသွား ခဲ့ပါတယ်။ အခု အသိမ်းခံ လယ်ကို စစ်တပ်ကနေ ပုဂ္ဂလိက လက်ကိုရောင်းလိုက်ပြီိလို့ သိရတယ်။ ဒါပေမယ့် လယ်သမားကြီးက လယ်ခွန်ကို အခုအချိန်ထိ အစိုးရဆီမှာ ပေးဆောင်နေရတုန်း ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ လူမူရေး လူပ်ရှားနေသူ တောင်ကုတ် လူငယ် တစ်ဦးက ပြောသည်။

နိရဥ္စရာမှ လယ်မြေအသိမ်းခံရသူ လယ်သမားကြီး ဦးစိုးအောင်၏သား ခင်မောင်စိုးအား အဆိုပါ လယ်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ သူက ယခုလို ပြောသည်။

" ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေ ၆ ဧက ထဲက ၄ ဧကကို ၂၀၀၂-၂၀၀၃ ပတ်ဝန်းကျင်ကပင် စကခ (၅) တပ်မမှူး ဦးမြင့်စိုးနဲ့ မြို့နယ်စစ်မှူထမ်းဟောင်း ဥက္ကဌ အငြိမ်းစား ဗိုလ်မှူး သိန်း စိုးနိုင်နဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးလှအောင်တို့က အဓမ္မ သိမ်းယူ သွားကြပါတယ်။ ကျန်တဲ့ ၂ ဧကကိုဘဲ လုပ်ကိုင်စား သောက်ခွင့်ရပါတယ်။ ဒါပေမယ့် လယ် ၆ ဧက ဖိုး အခွန်ကို ဒီနေ့ထိ နှစ်စဉ် ပေးဆောင်နေ ရပါတယ်" ဟုု ပြောသည်။

လယ်ခွန် ပေးဆောင်နေရသော မြေကွက် အမှတ်များမှာ တောင်ကုတ်မြို့နယ် ရန်မျိုးကျေးရွာ အုပ်စုပိုင် VT-၁၁ ဦးပိုင် အမှတ် ၂၃/၂ တွင် လယ်မြေ (၅.၁၈)ဧက၊ VT- ၁၁ ဦးပိုင်အမှတ် ၄တွင် လယ်မြေ (၀.၁၃)ဧကနှင့် VT- ၁၁ ဦးပိုင် အမှတ် ၅ တွင် လယ်မြေ (၀.၂၀)ဧက တို့ဖြစ်သည်။

ယခုအခါ အဆိုပါ လယ်မြေ ၄ ဧကကို စစ်တပ် တာဝန်ရှိသူများက သူတို့နှင့် ရင်းနှီးသူ ဒေသခံ စီးပွားရေး သမားများ ပူးပေါင်း လုပ်ကိုင်နေကြသည်ဟု သိရသည်။

အဆိုပါ လယ်ယာမြေများကို စစ်တပ် အတွက် အကြောင်းပြကာ သိမ်းသွားပြီး ယခုအခါ ပုဂ္ဂလိက လက်ကို ရောင်းချလိုက်သော သတင်များလည်း ထွက်ပေါ်နေသဖြင့် အဆိုပါ လယ်မြေများကို တရားမျှတစွာ ဖြေရှင်းပေးပါရန် လယ်သမားကြီး ဦးစိုးအောင်မှ နိုင်ငံတော် သမ္မတကြီးထံ စာရေး တိုင်ကြားထားသည်ဟု သိရသည်။

" ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေတွေကို ပြန်လိုချင်တဲ့ အတွက် ဒီနှစ် ဇန္နဝါရီလ ၃ ရက်နေ့က သမ္မကြီးထံ တိုင်ကြားထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ သက်ဆိုင်ရာက တစုံတရာ အရေးယူ ဆောင်ရွက်ပေးတာ မရှိသေးပါဘူး" ဟု သူက ဆက်ပြောသည်။

၎င်းသိမ်းယူထားသော လယ်ယာမြေများကို စစ်တပ် လက်ထဲမှ တောင်ကုတ်မြို့ မင်းမင်း ပန်းထိမ်ဆိုင် ပိုင်ရှင် ဦး သန်းမင်းသို့ လွဲပြောင်း ရယူထားပြီး ယခုအခါ ၎င်းလယ်မြေနေရာတွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ကျွန်းနှင့် ရာဘာပင်များ စိုက်ပျိုးခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။

Most read this week