မြန်မာ့မီဒီယာများ အရည်အသွေး ပိုမြင့်ရန် အဆင်သင့် ဖြစ်နေကြပြီ

မြန်မာ့မီဒီယာများ အရည်အသွေး ပိုမြင့်ရန် အဆင်သင့် ဖြစ်နေကြပြီ
by -
မဇ္ဈိမ

စကင်ဒီနေဗီးယန်း အလှူရှင်သုံးနိုင်ငံ (နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်) အနက် ဆွီဒင်နိုင်ငံက မြန်မာနိုင်ငံတွင် သတင်း မီဒီယာ လုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ရန်ပုံငွေ ကူညီပေးလျက် ရှိသည်။ ထို့အပြင် ယခုအခါ မြန်မာနိုင်ငံတွင် ကျင်းပနေသည့် သတင်းမီဒီယာ ဖွံ့ဖြိုးစေရေးဆိုင်ရာ ညီလာခံ ‘Conference on Media Development in Myanmar’ အတွက်လည်း ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။

myanmarmediainscrease

ဆွီဒင်နှင့် မြန်မာနိုင်ငံအကြားတွင် အရေးပါသည့် ဘုံတူညီမှု တခု ရှိနေသည်။ နှစ်နိုင်ငံစလုံး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများသည် လွတ်လပ်စွာဖော်ပြပြောဆိုခွင့်နှင့် ပတ်သက်၍ အထူး အလေးပေးထားပြီး လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေခွင့်ကိုလည်း လေးစားကြသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ နိုင်ငံသား တိုင်းသည်... မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ပြောဆိုခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ဆွီဒင်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ထောက်တိုင်လေးခုအနက် ထောက်တိုင် နှစ်ခုသည်လည်း လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် ဖြစ်သည်။ ထောက်တိုင်တခုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားတခုမှာ ပုံနှိပ်ထုတ်ဝေခွင့် ဖြစ်သည်။

သို့အတွက်ကြောင့် ဆွီဒင်နိုင်ငံနှင့် Sida အဖွဲ့အစည်း (ဆွီဒင်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ) က မြန်မာနိုင်ငံတွင် သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးပေးလုပ်ဆောင် နေသည်မှာ အံ့သြဖွယ် မဟုတ်ပါ။ ယခုအခါ ရှင်းလင်းလာသည့် အချက်မှာ အရပ်သားပြည်သူများအတွက် လုပ်ကိုင်ဖွယ်နေရာများ ပွင့်လင်းလာ နေပြီ ဖြစ်ရာ လွတ်လပ်သည့်၊ သီးခြား အမှီအခိုကင်းသည့်၊ ရေရှည် တည်တံ့ရန် စွမ်းနိုင်သည့် သတင်း မီဒီယာများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းများစွာ ပံ့ပိုးဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတွင်းနှင့် ပြင်ပတွင် သတင်းစာပညာ ဖွံ့ဖြိုးစေ ရေးအတွက် သင်တန်း၊ ဆွေးနွေးပွဲများစွာအတွက် ပံ့ပိုးပေးခဲ့ပြီး ၎င်းသင်တန်း များမှနေ၍ သတင်းအစီရင်ခံစာ ရေးသားသည့် အရည်အချင်းများ အမှန် ဖွံ့ဖြိုးတိုးတက်စေ မည် ဖြစ်သည်။

မြန်မာနိုင်ငံ သမ္မတက သူ၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် "စတုတ္ထမဏ္ဍိုင်များအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ် နဲ့အညီ၊ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက်သွားနိုင်စေရန် အမျိုးသား စာနယ် ဇင်းကောင်စီ ကိုလည်း ထူထောင်ဆောင်ရွက်ဖို့ စီမံနေပြီ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့ပါသည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် သတင်းစာ လွတ်လပ်ခွင့် အစဉ်အလာနှင့်လည်း လျော်ညီသည့် အချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉ ရာစုကပင် မင်းတုန်းမင်းက သတင်းစာများ လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချိနိုင်ရန် လွတ်လပ်ခွင့် ဥပဒေ ပြုပေးခဲ့သည့် အစဉ်အလာ ရှိခဲ့ပါသည်။

Sida အဖွဲ့က သမ္မတကြီး၏ သတင်းမီဒီယာ (စာနယ်ဇင်း) ကဏ္ဍအပေါ် မြော်မြင်ချက်များအတိုင်း လွတ်လပ် မှုနှင့်  တာဝန်ယူမှုကို သေချာထိန်းကျောင်းနိုင်သည့် စတုတ္ထမဏ္ဍိုင်ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် လေးလေး နက်နက် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ နိုင်ငံတခု၏ ဒီမိုကရေစီ အဆင့်အတန်းနှင့် စာနယ်ဇင်းလွတ်လပ် ခွင့်တို့ အထူးတလည် ဆက်စပ်ပတ်သက်မှု ရှိနေသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။ စာနယ်ဇင်း များက အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အထူးအရေးပါသည့် အခန်းကဏ္ဍ ရှိသလို ဤသို့ ပံ့ပိုးပေးခြင်းဖြင့် ယခု အစပျိုး ဆောင်ရွက်နေသော တိုင်းရင်းသားအင်အားစုများနှင့် အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်များသည်လည်း စစ်မှန်သော ငြိမ်းချမ်းရေးသဘောတူညီ ချက်များအဖြစ် ပေါ်ထွန်း လာခြိမ့်မည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသား အားလုံးအတွက် စီးပွားရေး၊ လူမှုရေးအခြေခံ ကောင်းများ ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

ယခု စာနယ်ဇင်းညီလာခံသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွင် အခန်းကဏ္ဍသစ်တရပ် မှတ်တမ်းတွင်ရစ်မည်
ဖြစ်ပါသည်။ ဒီမိုကရေစီသို့ လျှောက်ရာလမ်းတွင် သတင်းမီဒီယာ၏ အခြေခံကဏ္ဍ၊ စာနယ်ဇင်း ဥပဒေသစ်၊ သတင်း မီဒီယာ လုပ်ငန်းများ ရေရှည်တည်တံ့ ရပ်တည်နိုင်ရေး၊ စာနယ်ဇင်းသမားများ၏ ကျွမ်းကျင်မှု အရည်အသွေးများ စသည့် ပြဿနာများကို ယခု ညီလာခံတွင် ဆွေးနွေးကြလိမ့်မည် ဖြစ်ပါသည်။ ယခုညီလာခံမှ အများအကြံဉာဏ်များဖြင့် မြန်မာနိုင်ငံသားများအတွက် ပို၍ အကျိုးဖြစ်ထွန်းစေမည့်၊ ခေတ်မီ သတင်းမီဒီယာ ဥပဒေတရပ် ပေါ်ထွက်လာစေရေး အတွက် အထောက်အပံ့ ဖြစ်စေလိမ့်မည်။ လွတ်လပ်သည့် သတင်းမီဒီယာများ၊ စာနယ်ဇင်းသမားများ ပိုမို အရည်အသွေး မြှင့်တင်နိုင်ရေးအတွက်အရည်အသွေးမြှင့်သင် တန်းများ ပို၍ကျယ်ပြန့်စွာ များမကြာမီ စတင်နိုင်လိမ့် မည်ဟု မျှော်လင့်မိပါတော့သည်။

Bengt Ekman ရေးသားသည့် Burma ready for more professional media development ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။ ဘင် အက်မင်း (Bengt Ekman) သည် ဆွီဒင်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Sida) မှ မြန်မာ နိုင်ငံဆိုင်ရာ တာဝန်ခံ မန်နေဂျာ ဖြစ်ပါသည်။ Cooperation Agency (Sida).

Most read this week