အနိုင်ရ ပင်လယ်ပြင် ပိုင်နက်သစ်တွင် ဘင်္ဂလား ရေတပ် စတင် ကင်းလှည့်ပြီ

အနိုင်ရ ပင်လယ်ပြင် ပိုင်နက်သစ်တွင် ဘင်္ဂလား ရေတပ် စတင် ကင်းလှည့်ပြီ
by -
နိရဥ္စရာ

နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာ တရားခုံရုံးမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ် ကို လွန်ခဲ့သော အပတ်က တရားစီရင် ပိုင်းခြားသတ်မှတ် ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေချ့် ရေတပ်မှ ၄င်း၏ ရေပြင်ပိုင်နက်သစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကင်းလှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလာဒေချ့်နိုင်ငံထုတ် The Daily Star သတင်းအရ သိရှိရသည်။

ဘင်္ဂလာဒေချ့် ရေတပ်သည် ယခုကဲ့သို့ အမေရိကန် ရေတပ်၏ စစ်ရေးသင်တန်းများကို ရရှိထားသည်။

ဘင်္ဂလားဒေချ့် ရေတပ်မှ ၄င်း၏ စစ်သင်္ဘောသုံးစီးကို စစ်တကောင်းမှ၎င်း၊ နောက်ထပ် ရေတပ် သင်္ဘော တစ်စီးကို မောင်ကလာ ရေတပ်မှ စခန်းမှ၎င်း တရားစီရင်ချက်ထွက်လာပြီး တရက်အကြာ မတ်လ (၁၅)ရက်နေ့မှ စတင် စေလွှတ်ပြီး ၄င်း၏ရေပြင်ပိုင်နက် အသစ်အတွင်း ပထမဆုံး အကြိမ် ကင်းလှည့်စေခဲ့ခြင်း ဖြစ်သည်ဟု ကင်းလှည့်ရာတွင် ပါ၀င်ခဲ့သည့် ဘင်္ဂလာဒေချ့် ရေတပ်အရာရှိ တစ်ဦးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

ထိုစစ်သင်္ဘောများထဲမှ နှစ်စီးမှာ အုန်းကျွန်း ခေါ် စိန့်မာတိန်ကျွန်း၏ တောင်ဘက်စူးစူး ပင်လယ်ပြင်အတွင်း ကင်းလှည့် ခဲ့ကြသည်ဟုလည်း ၄င်းအရာရှိကပြောသည်။

"ကျွန်တော်တို့က ပင်လယ်အော်အတွင်း ၁၇၅ မိုင်ထိ ကင်းလှည့်ခဲ့ကြပါတယ်။ အရင်က အဲဒီနေရာတွေထိ တခါမှ သွားရောက်ခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ ပင်လယ်ပြင်က တိတ်ဆိတ်ငြိမ်သက်နေပြီးတော့၊ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပါဘူး" ဟု ၄င်းအရာရှိကပြောသည်။

ယခုလ (၁၄)ရက်နေ့ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာခုံရုံး၏ တရားစီရင်ချက်အရ ဘင်္ဂလားဒေချ့်မှ ဘင်္ဂလား ပင်လယ်အော် အတွင်း မိုင် ၂၀၀ ထိ၊ ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁၁၀၀၀ ကို တနိုင်ငံတည်း မူပိုင် စီးပွါး လုပ်ပိုင်ခွင့်နှင့် နိုင်ငံပိုင်နယ်နိမိတ်အဖြစ် ရရှိအောင်မြင်ခဲ့သည်။

ထိုတရားစီရင်ချက်အပေါ်မူတည်ပြီး ဘင်္ဂလားဒေ့ရှ်မှ ၄င်း၏ရေတပ်သင်္ဘောများကို ပထမဆုံး အကြိမ်အဖြစ် မဆိုင်းမတွက် စေလွှတ်ခဲ့ပြီး ကင်းလှည့်စေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"အရင်က ကျွန်တော်တို့ အဲလောက် အဝေးကို သွားလို့မရခဲ့ပါဘူး။ ခုတော့ သူတို့ (မြန်မာ) ပိုင်နက်ကို သူတို့ သိသလို၊ ကျွန်တော်တို့ ပိုင်နက်ကို ကျွန်တော်တို့ သိပြီဖြစ်ပါတယ်" ဟု ၄င်းအရာရှိကပြောသည်။

လာမည့်ဧပြီလမှစ၍ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးဝါးလာမည် ဖြစ်သော်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများမှာ တစ်နှစ်ပတ်လုံး ၄င်း၏ရေပြင်ပိုင်နက်အတွင်း ကင်းဆက်လှည့်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

ယခင်က အငြင်းပွါးနေသည့် ရေပိုင်နက်အတွင်း ဘင်္ဂလားဒေချ့် ငါးဖမ်းလှေများကို တွေ့ရှိပါက မြန်မာရေတပ်မှ ဖမ်းဆီး အနိုင်ကျင့်လေ့ရှိသည်။ ယခုအခါ မြန်မာဘက်မှ ပိုင်ဆိုင်သည်ဟု ပြောဆိုနေခဲ့သည့် ရေပြင်အတွင်း အမေရိကန် ရေနံကုမ္မဏီ ကိုနိုကိုဖိလစ်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရှာဖွေရန် ရေပြင်တိုင်းတာမှုများကို ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါ တိုင်းတာမှုများမှာ လာမည့်လတွင် ပြီးဆုံးမည်ဖြစ်ပြီး၊ တိုင်းတာမှုများအရ ကိုနိုကိုဖိလစ်မှ ထိုရေပြင် အတွင်း ရေနံနှင့် ဓါတ်ငွေ့များ လာမည့်နှစ်တွင် စမ်းသပ် တူးဖေါ်မည်ဆိုလျှင် ဘင်္ဂလားဒေချ့် ရေတပ်အနေဖြင့် လုံခြံုရေးတာဝန် ယူပေး ရမည်ဖြစ်ကြောင်းလည်း ၄င်းအရာရှိက ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာ ၂၀၀၈ ခုနှစ်တွင် အငြင်းပွါးနေခဲ့သည့် ပင်လယ်ပြင်အတွင်း မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေရန် ကြိုးပမ်း ခဲ့မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေချ့် ရေတပ်များ အကြား တပတ်ကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါ အခင်းဖြစ်ပွါးခဲ့သည့်နေရာမှာ စိန့်မာတိန်ကျွန်းမှ ၂၂၇ ဒီဂရီ အရှေ့တောင်ဘက် ၅၅ ကီလိုလိုမီတာ အကွာတွင် ဖြစ်သည်။

ထိုတင်းမာမှုဖြစ်ပွါးခဲ့စဉ်က မြန်မာရေတပ်များမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်ဘက်မှ သတိပေးချက်ကို အလေးမထား ပဲ ထိုနေရာ အတွင်း ဓါတ်ငွေ့ရှာဖွေရန် ကိုးရီးယား သင်္ဘောတစီးကို လိုက်ပို့ ပေးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်းမာမှုကို သံတမန် နည်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အချည်းအနှီးဖြစ်ခဲ့ရပြီး၊ ကိုးရီးယားကုမ္မဏီမှ ဓါတ်ငွေ့ရှာဖွေမှုကို ရပ်တန့် လိုက်မှသာ ကျေအေးခဲ့ကြသည်ဟု အဆိုပါ အရာရှိက ပြောသည်။

နိုင်ငံတကာခုံရုံးမှ နှစ်နိုင်ငံရေပြင်ပိုင်နက်ကို ပိုင်းခြားသတ်မှတ်ပေးခဲ့ပြီးနောက် အဆိုပါ ၂၀၀၈ ခုနှစ်က မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေခဲ့သည့်နေရာမှာ ယခုအခါ မြန်မာဘက်သို့ ပါသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘင်္ဂလားဒေချ့် ရေတပ်အရာရှိ၏ ပြောကြားချက်အရ ဘင်္ဂလားဒေချ့် ဘက်မှ အုန်းကျွန်းခေါ် စိန့်မာတိန်ကျွန်းမှ ၂၁၅ ဒီဂရီ အနောက်တောင်ဘက် ခြမ်းကိုသာ ပိုင်နက်အဖြစ်ရရှိခဲ့ကြောင်း သိရှိရသည်။

Most read this week