ဒေါ်စုကို ရခိုင်စည်တော်တီး၍ ကြိုမည်

ဒေါ်စုကို ရခိုင်စည်တော်တီး၍ ကြိုမည်
by -
နိရဥ္စရာ

ရန်ကုန်မြို့ တာမွေမြို့နယ်တွင် အပူဇော်ခံလျှက်ရှိသော ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေထီးတော်အား ဒေါ်အောင်ဆန်းစုကြည်က လာရောက်ဖူးမျှော်မည် ဖြစ်ရာ သူမအား ရခိုင်စည်တော်တီး၍ ကြိုဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေသား ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော် (ဓါတ်ပုံ- အလိုတော်ပြည့်)

" ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီမှာ လာရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ရခိုင်ရိုးရာ စည်တော်တွေ တီးပြီး ကြိုဆိုသွားဖို့ စီစဉ်ထားပါတယ်။ ပီးရင် တခြား ရခိိုင်ရိုးရာ အကတွေနဲ့လည်း ဖြေဖျော်သွားဖို့ စီစဉ်ထားပါတယ်" ဟု အခမ်းအနားကို စီစဉ်သူ အရှင် ကုမာရက နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် မဟာမုနိ ရုပ်ရှင်တော်မြတ် သီတင်းသုံးရာ ကျောင်းဆောင်တော်၍ တင်မည့် ရွှေသား အလေးချိန် ၁၁ ပိဿ ၅၀ ကျပ်သားရှိ ရွှေထီးတော်အား ယခုအခါ အောင်မြေ ဗောဓိဓမ္မာရိပ်သာ အလိုတော် ပြည့်ကျောင်းတိုက်၊ တာမွေကလေးရပ်ကွက်၊ တာမွေမြို့နယ် ရန်ကုန်မြို့တွင် အပူဇော်ခံနေရာ ဒေါ်အောင်ဆန်းစုမှ မနက်ဖြန်တွင် လာရောက် ဖူးမျှော်ကန်တော့မည် ဖြစ်သည်။

" ဦးဇင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်စည်တော်တီးပြီး ကြိုဆိုမှာက သူမကို ဂုဏ်ပြု အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရခိုင်စည်တော်ကို မင်္ဂလာ အခမ်းအနားတွေမှာ တီးခတ်တဲ့ အစဉ်အလာရှိတဲ့ အတွက် ကောင်းသော မင်္ဂလာ အကျိုးကို မျှော်မှန်းပြီး တီးခတ်ကြိုဆိုသွားမှာ ဖြစ်ပါတယ်။ မုနိဘဂါ၀ ပူဇာယိမ်း အကဖြင့်လည်း ဧည့်ခံပါမယ်" ဟု အရှင် ကုမာရ ဆက်ပြောသည်။

ရွှေထီးတော် ပူဇော်ပွဲအား လူအများအပြား လာရောက် ဖူးမျှော်နေကြရာ ယနေ့ နံနက်ပိုင်းက ယခင်ဝန်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ် ခင်ညွှန့်နှင့် ဇနီး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသာဘန်းနှင့် အဖွဲ့၊အခမ်းအနား ဖွင့့်လှစ်သည့်နေ့က ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်၊ ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်တို့လည်း လာရောက် ဖူးမျှော်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရွှေထီးတော်အား မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ စစ်တွွေမြို့သို့ ပင့်ဆောင်မည် ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်တွေ လေဆိပ် အနီးရှိ အလိုတော်ပြည့်ကျောင်းတွင် အပူဇော်ခံသွားမည် ဖြစ်သည်။

အဆိုပါ နေ့ရက်များ အတွင်း ရခိုင် အဆိုတော်များနှင့် သရုပ်ဆောင်များ ဖြစ်ကြသည့် ၀င်းကိုခိုင်၊ L ကိုလင်း၊ နေထက်လင်း၊ နေမျိုးအောင် ဘုန်းလျှံ၊ ရတနာမိုင်၊ ညှာစိမ်းခိုင်၊ မြတ်ခိုင်ကျော်၊ သန်းဆွေနှင့် ဗမာ အဆိုုတော်များ ဖြစ်ကြသည့် ပွင့်နဒီမောင်၊ ဆုပန်းထွာ၊ ချစ်စနိူးဦးတို့လည်း လာရောက် ဖြေဖျော် ကြမည် ဖြစ်သည်။

ရွှေထီးတော်အား စစ်တွေမြို့ အပါအဝင် ဗုဒ္ဓပါဒခြေတော်ရာ-ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် ကျောက်တော်မြို့များတွင်လည်း လှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။

၆.၄.၂၀၁၂ ရက်နေ့ တန်းခူးလဆန်း(၁၅) ရက် လပြည့်နေ့ တွင် ရွှေထီးတော်-ငှက်မြက်နားတော်-စိန်ဖူးတော်တို့အား (၃) ဘုံ (၃)ဆင့် ရွှေသား ထီးတော်ကြီးအား ကျောက်တော်မြို့ မဟာမုနိရုပ်ရှင်တော် မြတ်ကြီး ကိန်းဝပ်ရာ ကျောင်းတော်တွင် တင်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week