အမူ မစစ်ဘဲ လယ်သမား ၂၆ ဦးကို တရားရုံး ထပ်ချိန်း

အမူ မစစ်ဘဲ လယ်သမား ၂၆ ဦးကို တရားရုံး ထပ်ချိန်း
by -
နိရဥ္စရာ

တရားစွဲခံနေရသော ရသေ့တောင်မြို့နယ်မှ လယ်သမား ၂၆ ဦး၏ အမူကို မတ်လ ၁၉ ရက်နေ့က တစ်စုံတစ်ရာ စစ်ဆေးမူ မရှိဘဲ မတ်လ ၂၈ ရက်နေ့ကို တရားသူကြီးက ထပ်မံ ရုံးချိန်း ပေးလိုုက်သည်ဟု လယ်သမားကြီး တစ်ဦးက ပြောသည်။

Rakhaine-farmer-Arakan"ကျွန်တော်တို့ တရားစွဲခံရတဲ့ လယ်သမားက စုစုပေါင်း ၂၆ ဦးမှာ ဒီကနေ့ ရုံးချိန်းမှာ ၂၅ ဦးရောက်ပြီး တစ်ဦးက မရောက်ဘူး။ မရောက်တဲ့ အကြောင်းကိုလည်း အဲဒီလယ်သမားက တရားရုံးကို စာရေး အကြောင်းကြားတယ်။ ဒါပေမယ့် တရားသူကြီးက လူမစုံဘူးဆိုပြီး အမူကို မစစ်ဆေးဘဲ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပါတယ်" ဟု သူက ပြောသည်။

တရားစွဲခံထားကြရသည့် ပေါင်ဇား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ကောင်းရီချောင်းမှ လယ်သမား၂၆ တို့ ဦးဖြစ်သည်။ သူတို့အား လယ်မြေများကို ပြန်လည် ရယူရန်ကြိုးပမ်းမူဖြင့် စစ်တပ်နောက်ခံ ပြုထားသော ရသေ့တောင်မြို့ပေါ်မှ စီးပွားရေး သမား ဦးစောအောင်သိန်းမှ တရားစွဲဆိုထားသည်။

" ဦးစောအောင်သိန်းက ကျွန်တော်တို့ အပေါ် စွဲထားတဲ့ အမူတွေကတော့ ပုဒ်မ ၄၄၇၊ ၄၁၇၊ ၅၀၆ နဲ့ ၁၁၄ တို့ ဖြစ်ကြပါတယ်။ အဲပုဒ်မတွေကတော့ မတရားကျူးကျော်မူ၊ ၀င်ရောက်ဖျက်ဆီးမူနဲ့ လူစု လူဝေးနဲ့ တိုက်ခိုက်မူ စတဲ့ အမူတွေ ဖြစ်ကြပါတယ်" ဟု သူက ပြောသည်။

လယ်သမားများ တရားစွဲခံရပုံနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ရွာသားတွေက ဒီလယ်မြေတွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ၁၉၉၈ ခုနှစ် သိမ်းသွား ခဲ့ပါတယ်။ နုတ်အမိန့်နဲ့ သိမ်းသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေက လက်မှတ်ရေးထိုးပြီး လက်ရှိ ပြည်နယ် အစိုးရကို တိုင်ကြားကာ လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆို ပါတယ်။ ပြည်နယ် တာဝန်ရှိသူတွေက လာရောက်စစ်ဆေးတဲ့ အခါ စစ်တပ်က သိမ်းထားတဲ့ လယ်မြေဧက က ရ၄၄ ဒဿမ ရ၂ ဧကဘဲ ဖြစ်တယ်။ ဒါပေမယ့် ဦးစောအောင်သိန်း ရယူထားတဲ့ လယ်မြေဧကမှာ ၁၈၀၀ ဖြစ်တယ်။ ဒါဆိုရင် စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေမှာ ငါတို့လယ်တွေ မပါ၀င်ဘူးဆိုပြီး လယ်သမား ၂၆ ဦးက သူတို့ လယ်မြေတွေကို ပြန်ဆင်းပြီး လုပ်ကိုင်ဖို့ လုပ်တဲ့ အတွက် ဦးစောအောင်သိန်းက နယ်မြေကျူးကျော်မူ၊ ၀င်ရောက်ဖျက်ဆီးမူ စတဲ့ အမူတွေနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ် " ဟု သူက ဆက်ပြောသည်။

ဦးစောအောင်သိန်း တရားစွဲဆိုပြီးနောက် လယ်သမားများကို လောင်းချောင်းရဲစခန်းက ခေါ်ယူစစ်ဆေးပြီး အမူလုပ်ကာ မြို့နယ် တရားရုံးတွင် အမူကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

လယ်သမား ၂၆ ဦးအား မတ်လ ၉ ရက်နေ့က ပထမဆုံးအကြိမ် ခေါ်ယူစစ်ဆေးခဲ့ပြီး မတ်လ ၁၉ ရက်နေ့က ဒုတိယ အကြိမ် ခေါ်ယူ စစ်ဆေးရာတွွင် လူမစုံဟုဆိုကာ မစစ်ဆေးဘဲ ထပ်မံ ရုံးချိန်း ပေးကာ ပြန်လွှတ်လိုက် သည်။

" သူတို့က တမင်သက်သက် လယ်သမားတွေကို ဒုက္ခပေးဖို့ လုပ်တာပါ။ ဒီလယ်တွေကို ပြန်တောင်းတဲ့ အတွက် ပညာပြတဲ့ သဘောမျိုးနဲ့ အနိုင်ကျင့်တာပါ။ ဒါပေမယ့် လယ်သမားတွေက အားကိုးရာမဲ့နေကြတဲ့သူတွေဆိုတော့ ဦးစောအောင်သိန်းနဲ့ စစ်တပ်က ပြုလုပ်တဲ့ အတိုင်းခံကြရမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ရသေ့တောင်မြို့နယ် လောင်ချောင်းရဲစခန်းမှ နောက်ထပ် လယ်သမား ၁၉ ဦးကိုလည်း အမူဖွင့်ထားပြီး မတ်လ ၁၉ ရက်နေ့က အမူတွင် ပါ၀င်သူ လယ်သမား ၁၁ ဦးကို လောင်းချောင်း ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

Most read this week