လက်ရှိ အစိုးရက ရေးဆွဲနေသော မီဒီယာ ဥပဒေ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၊ တိုင်းရင်းသား မီဒီယာများပါ၀င်သည့် သတင်း မီဒီယာ ၁၁ ဖွဲ့ပူးပေါင်းဖွဲ့စည်း ထားသော Burma News International(BNI) အဖွဲ့များက သဘောထား ကြေညာချက်ကို ပူးတွဲ ထုတ်ပြန် လိုက်ပါသည်။
၁၉ ရာစုမှ စတင်ခဲ့သည့် မြန်မာ့ သတင်းမီဒီယာ သက်တမ်းသည် ယခုကာလအထိဆိုလျှင် နှစ်ပေါင်း (၁၇၀) ကျော်ပင် ရှိပြီ ဖြစ်ပါသည်။ သတင်းစာ ခေတ်ဦးကတည်းက လွတ်လပ်ခဲ့သည့် မြန်မာ့ မီဒီယာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းမှ စတင်ကာ ဥပဒေ၊ အမိန့်၊ စည်းမျဉ်း စည်းကမ်း ပုံစံမျိုးစုံဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ် ကန့်သတ် ခံခဲ့ရသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်း မဖြစ်ပွားခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ် များမှ စတင်၍ မြန်မာ့ သတင်း မီဒီယာအပေါ် တင်းကျပ်ကန့်သတ်မှုများမှာ ပိုမိုသိသာလာခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် သတင်း မီဒီယာ လောကကို ပိတ်ပင်တားဆီးမှုများမှာ ဆိုရွားသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံ သားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်လည်း ဆုံးရှုံးခဲ့ရသည်ကို အများသိပြီး ဖြစ်သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းမှစတင်ပြီး ကွန်ပျူတာ အင်တာနက် အသုံးပြု၍ သတင်းအချက် အလက် စီးဆင်းမှုကို အဓိက ပိတ်ပင်သော အီလက်ထရွန်နစ် ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။
လက်ရှိ အစိုးရအနေဖြင့် မီဒီယာဥပဒေသစ် တရပ်ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် တချို့ဥပဒေများကို ခြွင်းချက်ဖြင့် ကန့်သတ်မှု လျှော့ချပေးလာသည်ကို တွေ့ရှိရပါသည်။ သို့သော် မြန်မာ့ သတင်း လွတ်လပ်မှု အဆင့်သည် နိုင်ငံတကာ စံချိန်းစံညွန်း အားဖြင့် ဆိုလျှင် လွတ်လပ်မှု မရှိသည့် စာရင်းတွင် နောက်ဆုံးကပင် ကပ်လျက် ရှိနေသေးပါသည်။
မြန်မာ့ မီဒီယာ ဥပဒေသည် သတင်းလွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ အပေါ်တွင် အခြေတည်ပြီး သတင်း သမားများလုံခြုံရေးနှင့် လုပ်ပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ တရပ် ဖြစ်ရန် အထူး အရေးကြီးသည်။
ထိုသို့သော မီဒီယာ ဥပဒေ တရပ်ကို ရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ရှိ ကျွမ်းကျင်သည့် မြန်မာ့ မီဒီယာ သမားများ အပါအဝင် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ပညာရှင်များကိုလည်း ဖိတ်ခေါ် ဆွေးနွေးသင့်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် နိုင်ငံ့ရေးရာ ပြဿနာ ရပ်များအတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတွင် မြန်မာ့ မီဒီယာများ နှင့် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဌသည် အထူးအရေးကြီးပါသည်။
သို့သော် ဆင်ဆာတည်းဖြတ်သည့် ဘုတ်အဖွဲ့သည် ဆက်လက် ရှိနေဆဲပင် ဖြစ်ပြီး တိုင်းရင်းသားဒေသအတွင်း အဖြစ်အပျက်များကို ထုတ်ဖော်ရေးသားခွင့်လည်း အကန့်အသတ်နှင့်ပင် ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ပြည်တွင်း ပြည်ပ ရှိ မြန်မာ မီဒီယာ လောကသားများအနေဖြင့် သွေးစည်းညီညွတ်စွာဖြင့် ပွင့်လင်းမြင်သာသည့် လွတ် လပ်သော လူ့ဘောင်တရပ် ပေါ်ထွန်းလာစေရေးအတွက် အတူတကွ ယှဉ်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း အပ်ပါသည်။
မြန်မာနိုင်ငံ သတင်း မီဒီယာ လွတ်လပ်ခွင့် အတွက် ဖော်ပြပါ အချက်များကို လိုက်ပါဆောင်ရွက်ရန်လည်း တိုက်တွန်းလိုပါသည်။
၁။ မြန်မာ့ မီဒီယာ ဥပဒေသစ် ရေးဆွဲရာတွင် ပြည်တွင်းပြည်ပရှိ ကျွမ်းကျင်သည့် မြန်မာ မီဒီယာသမားများ ပါ၀င်ရန်၊ တိုင်းရင်းသား မီဒီယာများကိုလည်း အထူးပင် ဖိတ်ခေါ်သင့်ပြီး နိုင်ငံတကာရှိ ကျွမ်းကျင်သည့် မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ရန် ဖြစ်သည်။
၂။ အစိုးရအဖွဲ့အစည်း ဌာနအသီးသီးမှ ချမှတ်ထိန်းချုပ် ကန့်သတ်နေသည့် အီလက်ထရွန်နစ် ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများ ကိုလည်း (လုံးဝ) ဖျက်သိမ်းရန် ဖြစ်သည်။
၃။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ပြည်တွင်းပြည်ပရှိ မြန်မာ့ သတင်းမီဒီယာများအနေဖြင့်လည်း သံန္နိဌာန်ချ၍ သွေးစည်း ညီညွတ်စွာ လုပ်ဆောင်ရန် လိုပါသည်။
၄။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဌကိုလည်း အထူးပင် အလေးထားစေလိုပါသည်။
၅။ ပွင်လင်းမြင်သာ၍ လွတ်လပ်သော ဒီမိုကရက်တစ် လူ့ဘောင်တရပ် ပေါ်ထွန်းနိုင်ရေးအတွက် တိကျမှန်ကန်စွာ ရေးသား ထုတ် ဝေနေသော ပြည်ပရောက် မီဒီယာများသည် မရှိမဖြစ် လိုအပ်နေသေးသောကြောင့် လက်ရှိအခြေအနေမှ ယိုယွင်း မသွားစေရေး အတွက် ဆက်လက် ပံ့ပိုးကူညီ သွားကြရန်လည်း တိုက်တွန်းအပ်ပါသည်။
Contact person :
Khin Maung Win Deputy Executive Director/Deputy Chief Editor Email: [email protected] Office Tel. +47 22 86 84 72; Mobile +47 452 766 49; Fax +47 22 86 84 71 Office Address: Wessels Gate 4, 0165 Oslo, Norway Postal Address: P.O Box 6720, St. Olavs Plass, 0130 Oslo, Norway |
Aung Zaw Editor Irrawaddy Publishing Group Mobile: (66 81) 882 1309 Office Phone: (66 53) 273 062 Ext. 201 Fax: (66 53) 273 986 E-mail: [email protected] |
U Khuensai Jaiyen Development Officer Burma News International(BNI) + 66 81 531 2837 |