မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တိုးတက်မှု ရာခိုင်နှုန်း ၁၅၀ ကျော် ရည်မှန်း လုပ်ဆောင်ရမည်ဟု အမျိုးသား စီမံကိန်း ဥပဒေတွင် ဖေါ်ပြထားသည်။
မတ်လ ၁၉ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဥပဒေတွင် စီမံကိန်း၏ ကဏ္ဍပေါင်း ၁၄ ခုအနက် ဆက်သွယ်ရေးကဏ္ဍသည် တိုးတက်မှု ရည်မှန်းရာခိုင်နှုန်း ၁၅၀.၄ ဖြင့် အမြင့်ဆုံး ဖြစ်သည်။ ထိုအတွက် ကျပ်ငွေ သန်းပေါင်း ၉၈၀,၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးမည်ဟု ပါရှိသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများနှင့် နှုန်းယှဉ်ပါက နိမ့်ကျလျက် ရှိသည် ကိုလည်း ကမ္ဘာ့ဘဏ်၏ မှတ်တမ်းများအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း အသုံးပြုနိုင်မှုမှာ လူ ၁၀၀ လျှင် ၁ ယောက်သာ အသုံးပြုနိုင်ချိန်တွင် အိမ်နီးချင်း နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံတွင်မူ လူအယောက် ၁၀၀ တွင် ဖုန်းအလုံးရေ ၁၀၁ လုံးပိုင်ဆိုင် နေသည်ကိုလည်း ကမ္ဘာ့ဘဏ်၏ ၂၀၁၀ ဖေါ်ပြချက်များအ ရသိရှိရသည်။
အင်တာနက် အသုံးပြုမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၀.၂ ယောက်သာ ရှိချိန်တွင် ထိုင်းနိုင်ငံ တွင်မူ လူ ၁၀၀ တွင် ၂၀ ယောက် အင်တာနက် သုံးနိုင်နေကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၀၉ ခုနှစ် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ အင်တာနက် တပ်ဆင် အသုံးပြုနိုင်မှုတွင်လည်း ၂၀၁၀ ခုနှစ်အတွင်း လူဦးရေ ၁၀၀ လျှင် ၀.၀၃ ဦးသာ တပ်ဆင် အသုံးပြုနိုင်သေးသည်ကို ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။ ထိုင်းနိုင်ငံတွင်မူ လူဦးရေ ၁၀၀ လျှင် ၃.၈၇ ယောက် အင်တာနက် တပ်ဆင် အသုံးပြုနေကြပြီ ဖြစ်သည်။
လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ ငါးနှစ်စီမံကိန်း ချမှတ်ပြီး ၂ဝ၁၂ ခုနှစ်မှစ၍ ဖုန်းပေါင်း သန်း ၃ဝ တပ်ဆင်ပေးသွားမည်ဟု ကြေညာထားသည်။ မတ်လ ဒုတိယပတ်မှစ၍ SIM ကဒ်တခုကို ကျပ်ငွေ နှစ်သိန်း နှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း အဆိုပါ ရောင်းချမှုတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များလွန်းသည်ဟု ဆိုကာ ၅,ဝဝဝ ကျပ်တန် ဖုန်း SIM ကဒ်များ ရောင်းချ ပေးနိုင်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။
အဆိုပါ အမျိုးသား စီမံကိန်း ဥပဒေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ် မှုတန်ဖိုး (GDP) ၆.၇ ရာခိုင်နှုန်း တိုးတက်ရန်ဖြစ်ပြီး လယ်ယာကဏ္ဍတွင် ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၉ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ၈.၃ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားသည်။
တဦးချင်းစီ၏ ပျမ်းမျှ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ယခင်က ကျပ် ရ၄၀,၈၁၄ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ကျပ် ၈၃၉,၅၅၁ ဖြစ်ပေါ်စေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ထို့အပြင် နှစ်အလိုက် စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ် ၉,၂၁၁,၁၄၃ သန်း၊ ပြည်တွင်းသွင်းကုန် ကျပ် ၆,၅၈၂,၈၀၀ သန်း တင်သွင်းရန် ရည်ရွယ်ထားသည်။
အဆိုပါဥပဒေသည် ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အသက်ဝင်မည် ဖြစ်သည်။