လုပ်အားပေးစေခိုင်းမှု ပပျောက်ရေး တိုင်းရင်းသားဘာသာများဖြင့် ILO ပညာပေးမည်

လုပ်အားပေးစေခိုင်းမှု ပပျောက်ရေး တိုင်းရင်းသားဘာသာများဖြင့် ILO ပညာပေးမည်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသများတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများကို ကာကွယ်တိုင်ကြား နိုင်စေရန် ပညာပေးမည့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေဖြန့်ချီသွားမည် ဖြစ်ကြောင်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က ပြောသည်။

ilo
A-4 အရွယ်အစားရှိ အဆိုပါ ပညာပေး လက်ကမ်းစာစောင်များကို ရန်ကုန်အခြေစိုက် ILO ရုံးမှ ရှမ်းဘာသာ စကားဖြင့် စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီး ယခုနှစ် ဇန္နဝါရီလမှစ၍ ရှမ်းပြည်နယ်အတွင်း ဖြန့်ဝေပေးခဲ့သည်။ တခြား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားဘာသာစကားများဖြင့်လည်း ထုတ်ဝေခွင့်ရရှိထားပြီး များမကြာမီ ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ကြောင်း ILO ၏မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတိမာရှယ်လ်က ပြောသည်။

"မြန်မာအစိုးရက ILO ရဲ့ ပညာပေး လက်ကမ်းစာစောင်တွေကို တိုင်းရင်းသားဘာသာစကားတွေနဲ့ ဒီနှစ်မှာပဲ ထုတ်ဝေခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီစာစောင်တွေကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ တခြား တိုင်းရင်းသား ဘာသာစကားတွေနဲ့လဲ မကြာမီ ထုတ်ဝေဖြန့်ချီနိုင်တော့မှာ ဖြစ်ပါတယ်" ဟု မာရှယ်လ်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်မှ တိုင်းရင်းသားဘာသာရပ်များကို အစဉ်တစိုက် နှိပ်ကွပ်လာခဲ့ပြီး၊ ယခုကဲ့သို့ တိုင်းရင်းသားဘာသာရပ်များဖြင့် တရားဝင် ပုံနှိပ်ထုတ်ဝေခွင့် ပေးခြင်းမှာ လက်ရှိအစိုးရသစ်သို့ ပြောင်းလဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ILO ၏ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများ ပပျောက်ရေး ပညာပေး လက်ကမ်းစာစောင်များကို တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားဘာစကားဖြင့် ထုတ်ဝေဖြန့်ချီခွင့် ရရန် ILO က ၂ နှစ်ကြာ ကြိုးပမ်းခဲ့ရကြောင်းလည်း မာရှယ်လ်က ပြောသည်။

၄င်းပညာပေး စာစောင်များကို မြန်မာဘာသာ စကားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ၂၀၁၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချီခဲ့ပြီး၊ ထိုပညာပေးစာစောင်များထုတ်ဝေပြီးနောက်ပိုင်း အဆိုပါဒေသများမှ ကလေးစစ်သားစုဆောင်းမှုများ အပါအဝင် အဓမ္မလုပ်အားစေခိုင်းမှုများနှင့်ပတ်သတ်၍ ILO သို့တိုင်ကြား ချက်များ တဖြည်းဖြည်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အဓမ္မ လုပ်အားစေခိုင်းမှုများကို ILO သို့တိုင်ကြားခွင့်ပြုရန် မြန်မာအစိုးရနှင့် ILO တို့အကြား ၂၀၀၇ ခုနှစ်မှစ၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့သဘောတူခဲ့ကြပြီးနောက်ပိုင်း ILO သို့ တိုင်ကြားလာသည့် အမှုများကို ILO မှ မြန်မာအစိုးရနှင့် ပူးပေါင်း ပြီး ကြိုးစားဖြေရှင်းပေးနေသော်လည်း မြန်မာအစိုးရဘက်မှ ထိထိမိမိ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိခြင်း ကြောင့် အဓမ္မလုပ်အားပေးစေခိုင်းခြင်းများမှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုနေကြသည်။

အထူးသဖြင့် စစ်တပ်များတိုးချဲ့ချထားသည့် တိုင်းရင်းသားဒေသများတွင် စစ်တပ်များက ကလေးစစ်သားများ စုဆောင်းခြင်း၊ ဒေသခံပြည်သူများကို ကျွန်တမျှသဘောထားပြီး တပ်တွင်း သန့်ရှင်းရေး၊ တန်းလျားများ တည်ဆောက်ခြင်း နှင့် ရှေ့တန်းစစ်မျက်နှာများသို့ ပေါ်တာဆွဲခြင်းစသည့် အဓမ္မလုပ်အားစေခိုင်းခြင်းများကို ယခုထိ ကျူးလွန်နေဆဲဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။

မြန်မာလက်ရှိအစိုးရသစ်နှင့် ILO တို့ အကြား အဓမ္မ လုပ်အားပေးစေခိုင်းခြင်း ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာသစ်ကို ယခုလ (၁၆)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၂၀၁၅ ခုအတွင်း မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ဆောင်သွားရန် သဘောတူထားကြ ကြောင်း သိရှိရသည်။

Most read this week