သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခု အား အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် ထိထိရောက်ပြန်လည်တုန့်ပြန်သွားမည်ဟုသျှမ်းတပ်မှူး တဦးက ဆိုသည်။
“မနေ့ကမနက် ရ နာရီလောက်က ကျနော်တို့တပ်စခန်း ကို တက်သိမ်းတာ အစိုးရတပ် ခမရ ၅၇၃ ဘဲလေ။ တိုက်ပွဲဖြစ်တာ မိနစ် ၄၀ လောက်ကြာတယ်။ ကျနော်တို့ဖက်ကတော့ သဘောတူညီချက်ထဲကအတိုင်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာဘဲရှိမယ်။ စခန်းပြန်ရဖို့ အဓိက မဟုတ်ပါဘူး။ဒါပေမယ့် ဒီတိုင်းဆက်ဖြစ်သွား မယ်ဆိုရင်တော့ ကျနော်တို့ သျှမ်းပြည်တခုလုံးမှာလှုပ်ရှားနေတော့ တခြားနေရာမှာ ထိထိရောက်ပြန်လည် တုန့်ပြန်သွားမယ်” - ဟု ကျိုင်းတုံစစ်ဒေသ တပ်မှူးကြီးက ပြောပါသည်။
မတ်ခ်ျ ၁၈ ရက် မနက် ရ နာရီ ကျော်အချိန် သျှမ်းပြည်တပ်မတော် တပ်ရင်းအမှတ် ၁၀၈ နှင့် မြန်မာအစိုးရ တပ် ခမရ ၅၇၃ တို့ မိုင်းယောင်းမြို့နယ် နှင့် တချီလိတ်မြို့နယ်အကြား လွယ်လန့်ဖှာ့ဟင်ချို အနောက် မြောက် ဘက်တောတွင်းတနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
“ပြီးခဲ့တဲ့အပတ် စနေနေ့တုန်းက မထင်မှတ်ဘဲ အစိုးရတပ် ခမရ ၅၇၃ က အင်အားအလုံးအရင်းနဲ့ ကျနော် တို့တပ်စခန်းကိုတက်တိုက်တယ်။ ကျနော်တို့ ရှောင်တိမ်းပေးလိုက်ရတယ်။ အခု တိုက်ပွဲဖြစ်တာလဲ အဲဒီ တပ်နဲ့ဘဲ။ တောတွင်းတနေရာမှာဘဲဖြစ်တာ။ ကျနော်တို့ဘက်တော့ အကျအဆုံးမရှိဘူး။ အစိုးရတပ်ဘက် ကတော့မသိဘူး” - ဟု ဆက်၍ ပြောပြပါသည်။
ကျန်းမာရေးဝန်ထမ်းနှင့် နီးစပ်သည့် အမည်မဖေါ်လိုသူ ဒေသခံတဦးက - အဆိုပါတိုက်ပွဲတွင် အစိုးရတပ် ဘက် တစ်ဦးထက်မနည်းဆုံးကျဆုံးပြီး ၃ ဦးဒဏ်ရာရှိကြောင်း ပြောပါသည်။
၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမ အဆင့်တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း အစိုးရတပ် နှင့် သျှမ်းပြည်တပ် မတောင်တောင်ပိုင်းတပ်ဖွဲ့ခေါ် RCSS/SSA တို့ တိုက်ပွဲ ၁၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။