နယ်စပ်တွင် တပ်အင်အား တိုးချဲ့မှု မဟုတ်မှန်ကြောင်း နစက ငြင်းဆို

နယ်စပ်တွင် တပ်အင်အား တိုးချဲ့မှု မဟုတ်မှန်ကြောင်း နစက ငြင်းဆို
by -
နိရဥ္စရာ

မတ်လ ၁၇ ရက်နေ့က မောင်တောမြို့၌ ပြုလုပ်သော နှစ်နိုင်ငံ တပ်မှူး အဆင့်ဆွေးနွေးပွဲတွင် နယ်စပ် တလျှောက် မြန်မာဘက်မှ တပ်များ တိုးချဲ့ချထားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း နစကတပ်ဖွဲ့က ငြင်းဆိုလိုက်သည်ဟု ဘင်္ဂလာဒေချ့် အမှတ် ၄၂ ဘီဂျီဘီ တပ်မှူးက ပြောသည်။

နစကနှင့် ဘီဂျီဘီတို့ ယခုလို မကြာခဏ တွေ့ဆုံကြသည်။
မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက််ကနက် (Teknaf) မြို့ အခြေစိုက် ဘီဂျီဘီ အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူး Lt Col Zahid Hasan က ဆွေးနွေးပွဲ အပြီး မောင်တောမြို့မှ တက်ကနက်သို့ ပြန်လည် ရောက်ရှိ လာစဉ် သတင်းထောက်များအား ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ တပ်မှူး အဆင့် အအစည်းဝေးအား မောင်တောမြို့ အမှတ်(၆) နစက နယ်မြေဌာနချုပ်တွင် မတ်လ ၁၇ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ဘင်္ဂလာဒေချ့်ဘက်မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်ကာ မြန်မာဘက်မှ ကိုယ်စားလှယ် ၁၀ ဦးတက်ရောက်ခဲ့သည်။

ယခုပြုလုပ်သော အစည်းအဝေးအား မြန်မာဘက်က နယ်စပ် တလျှောက် တပ်များတိုုးချဲ့ ချထားနေသည်ဆို သော သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်း ဘင်္ဂလာဒေချ့် နယ်ခြား စောင့်တပ်ဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းရာမှ ဖြစ်ပေါ်လာသော ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။

မြန်မာ နစက တာဝန်ရှိသူမှ ယခုထွက်ပေါ်နေသော သတင်းမှာ ကောလဟလသာ ဖြစ်ပါကြောင်း၊ မြန်မာဘက်က တပ်များ စုရုံးနေသည်ဆိုသည်မှာ မဟုတ်မှန်ပါကြောင်း၊ နယ်စပ် အခြေအနေမှာ ပုံမှန် အတိုင်းသာ ရှိနေပါကြောင်း ပြောကြားခဲ့သည်ဟု ဘင်္ဂလာအရာရှိများက ပြောသည်။

မတ်လ ၁၄ ရက်နေ့က နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးမှ အငြင်းပွားရေပြင်ပိုင်နက်ကို ဘင်္ဂလာဒေချ့်အား အနိုင်ပေးလိုက်သည့် ဆုံုဖြတ်ချက် ထွက်ပေါ်လာသည့် နောက်ပိုင်းတွင် ဘင်္ဂလာဒေချ့် မီဒီယာများမှနယ်စပ် တွင် မြန်မာတပ်များ တိုးချဲ့နေကြောင်း ရေးသားဖေါ်ပြခဲ့သဖြင့် နယ်စပ်တလျှောက်တွင် အခြေအနေများ မတည်မငြိမ် ဖြစ်ပေါ်ခဲ့သည်။

နယ်မြေ အငြင်းပွားမူတွင် မိုင်ပေါင်း ၂၀၀ ခန့်ကို ဘင်္ဂလာဒေချ့်ဘက်မှ အနိုင် ရရှိလိုက်သည် သာမက မြန်မာနှင့် ကပ်နေသော စိန့်မာတင်ကျွန်း ( ရခိုင် အခေါ် အုန်းကျွန်း)၏ ၁၂ မိုင်ပတ်ပတ်လည်ကို အပိုင် ရရှိသွားကြောင်း သိရသည်။

ယခုကဲ့သို့ ရေပြင် အငြင်းပွားမူတွင် အနိုင်ရရှိလိုက်သည့် အပေါ် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်မှလည်း ၀မ်းမြောက်ကြောင်း ယမန်နေ့က ထုတ်ဖေါ် ပြောဆိုခဲ့သည်။

Most read this week