Arakan Ringer နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

Arakan Ringer နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှ ပြည်တွင်းတွင် လူပ်ရှားရေး အတွက် ဖွဲ့စည်းပေးထားသော Arakan Ringer တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ အကြား မြန်မာ အနောက်ဘက် နယ်စပ်တွင် မတ်လ ၁၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ စစ်တပ်ဘက်မှ တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ဟု သတင်း ရရှိသည်။

ALP-Ringer

တိုက်ပွဲ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန အဖွဲ့ဝင် ကိုစိုးသန်းက နိရဥ္စရာသို့ ယခုလို ပြောသည်။

" မတ်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာ ပီတောင် အထက်ရွာမှာ ဖြစ်တာပါ။ ကျွန်တော်တို့ ဘက်က ဗိုလ်ခိုင်လင်း ဦးဆောင်တဲ့ တပ်စိပ်နဲ့ ဖြစ်တာပါ။ ကျွန်တော်တို့ Arakan Ringer တပ်ဖွဲ့က အဲဒီရွာက ဒေသ ခံတွေ ကို ဆေးကုနေတဲ့ အချိန်မှာ ကင်းလှည့်လာတဲ့ အစိုးရ စစ်တပ်နဲ့ ကျွန်တော်တို့ ကင်းသမားနဲ့ စပစ်ခတ်မူ ဖြစ်ပွားပါတယ်။ အဲဒီက စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။"

အစိုးရ စစ်တပ်ဘက်မှ တစ်ဦးကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သူက ပြောသည်။

" ရန်သူဘက်က တယောက်ကျသွာတယ်ဆိုပြီး ရွာသားတွေ သတင်းပို့တယ်။ ဒဏ်ရာ ရရှိသွားတဲ့ တစ်ယောက်ကိုတော့ အနီးအနားက ဆေးရုံကို ယူသွားတယ်လို့ ပြောပါတယ်။ အနီးကပ် ကျွန်တော်တို့ ကင်းသမားက ပစ်ခတ်တဲ့ အတွက် ရန်သူဘက် ကျဆုံး ဒဏ်ရာရှိသွားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုတိုက်ပွဲသည် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်အား ဦးသိန်းစိန်အစိုးရမှ ငြိမ်ချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားစဉ် ပထမဆုံံး အကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Arakan Ringer တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော အစိုးရ စစ်တပ်မှာ စစ်တွေ အခြေစိုက် ၂၃၂ ဖြစ်ပြီး ယခုအခါ ရှေ့တန်း လူပ်ရှားနယ်မြေ ပီတောင် အနီးရှိ ခမောင်းဝတွင် တပ်စွဲထားသော တပ်ခွဲ ဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ကို ၂၀၁၂ နှစ်ခု ဇန္နဝါရီလက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်း ဆောင် ဦးသိန်းဇော်က ငြိမ်းချမ်းရေးဆွေးနွေးရန် စာရေး ကမ်းလှမ်းထားကြောင်း သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ပြည်တွင်း လူူပ်ရှားရေး အတွက် ဖွဲ့စည်းပေးထားသော Arakan Ringer အဖွဲ့သည် ပြည်တွင်းထဲတွင် ထွက်ပြေးနေကြသော ရွာပုန်း ရွာရှောင်များနှင့် ပြည်တွင်း စစ်ဘေး ဒုက္ခသည်များကို ဆန်စသော ရိက္ခာများနှင့် ဆေးဝါးများ ကူညီနေကြောင်း သိရသည်။

Most read this week