ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်

ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မတ်လ ၈ ရက်နေ့က ညားခါစ အမျိုးသမီးငယ် တစ်ဦးကို ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး တပ်မတော်သား တစ်ဦးအပါအဝင် လူ (၃) ဦးက မုဒိမ်းပြုကျင့့်ခဲ့သည်ဟု သတင်း ရရှိသည်။

ponna-kyunt285

မုဒိမ်းပြုကျင့်ခံရသူမှာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာနေ မောင်အောင်ဆန်းသိန်း သက်(၂၅)နှစ်၏ ဇနီး ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီးချောင်း မြို့ရွာ ကျေးရွာသူ အသက် (၂၀) မ------ ဖြစ်သည်။

သူတို့ ဇနီးမောင်နှံ (၂) ဦးသည် သံတွဲမြို့နယ် ငါးလုပ်ငန်း တစ်ခုတွင် အတူ လုပ်ကိုင်နေကြစဉ် လူငယ်တို့၏ သဘာဝအရ ချစ်ကြိုက် ညားကြပြီး မိမိဇာတိနေရပ်သို့ ပြန်လာစဉ် ယခုကဲ့သို့ မတော် မတရား ပြုကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

" အခင်း ဖြစ်ပွားတဲ့ နေ့က သူတို့က ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက် ဆေးရုံစု ရပ်ကွက်က ဦးအောင်သန်းလိူင် အိမ်မှာ တည်းခိုနေကြပါတယ်။ ညနေ ၈ နာရီကျော်ကျော်မှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးက ဧည့်စာရင်းတိုင်မယ် ဆိုပြီး ရာအိမ်မှူး ဦးသာလှ အိမ်ကို သွားကြတယ်။ ဟိုရောက်တော့ ဦးသာလှ မရှိတာနဲ့ ပြန်လာကြတယ်။ လမ်းခုလတ်ကိုရောက်တော့ အပြာရင့်ရောင် စွမ်းအားရှင် ယူနီဖေါင်းဝတ်ထားတဲ့သူ တစ်ဦးရယ်၊ တပ်မတော်သား တစ်ဦးရယ်၊ အရပ်ဝတ်ထားတဲ့ လူတစ်ဦးက ဧည့်စာရင်း စစ်တယ်။ သူတို့မှာ ဧည့်စာရင်း တိုင်တဲ့ စာရွက်တွေ ပါမလာတော့ ပိုက်ဆံ ငါးသောင်းတောင်းတယ်။ အဲဒီ ကောင်လေးက ပိုက်ဆံ ငါးထောင်ဘဲ ပေးနိုင်မယ်ဆိုတော့ ပိုက်ဆံ ထပ်ရှာခိုင်းပြီး အဲဒီ ကောင်လေးရဲ့ ဇနီး ခလေး မလေးကို ရာအိမ်မှူးဆီကို လိုက်ခဲ့ပါ ဆိုပြီး ခေါ်သွားတယ်" ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမှ ရှေ့နေ တစ်ဦးက ပြောသည်။

လင်ဖြစ်သူ မောင်အောင်ဆန်းသိန်းမှ ရွာဟောင်း ရပ်ကွက်မှ သူငယ်ချင်း ဖြစ်သူ တစ်ဦးထံ ငွေချေးဌားရန် အဆိုပါ နေရာမှ ထွက်သွားစဉ် အမျိုးသမီးငယ်အား ရာအိမ်မှူး အိမ်သို့ မခေါ်ဘဲ ဓါးဖြင့် ခါးကိုထောက်ကာ ပုဏ္ဍားကျွန်းမြို့ တစ်ဘက်ကမ်း ဦးရာဇ်တော်စေတီ တောင်ခြေရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါ နေရာတွင် သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့ကြသည်။

" အခုတော့ အဓမ္မပြုကျင့်သူ သုံးဦးလုံးကို ကောင်မလေးက အမူဖွင့်တိုင်ကြားတော့ ဖမ်းဆီးထားပါပြီ။ သူတို့ကတော့ စွမ်းအားရှင် ယူနီဖောင်းဝတ် မောင်ရွှေစိန်၊ အရပ်ဝတ်နဲ့ ပါသူ မောင်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်း မှ တပ်သား လှသိန်းထွန်းတို့ ဖြစ်ကြပါတယ်။ အဲဒီနေ့မှာဘဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်" ဟုု ၎င်းရှေ့နေမှ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို မေးမြန်းရာ သူက ယခုလို ပြောသည်။

" အဲဒီနေ့ ညဉ့် ၁၀ နာရီခွဲခန့်မှာ အဓမ္မပြုကျင့်ခဲ့သူ (၃) ဦးကို ပုဏ္ဍားကျွန်းမြို့ ကြိုးတံတားထိပ် အနီးမှာ ပြည်သူ့ရဲတပ်ဖွဲ့က စောင့်ဆိုင်း ဖမ်းဆီးနိုုင်ခဲ့ပါတယ်။ အခု ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့ ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ရွှေစိန်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၇၆ အရအမှုဖွင့်ပြီး ဆောင်ရွက် လျှက်ရှိ ပါတယ်။ ကျွန်တော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

Most read this week