ဖားကန့်မဲဆန္ဒရှင် ၂၀၁၀ ထက် ၃ ပုံ ၁ ပုံ လျော့နည်းသွား

ဖားကန့်မဲဆန္ဒရှင် ၂၀၁၀ ထက် ၃ ပုံ ၁ ပုံ လျော့နည်းသွား
by -
မဇ္စျိမ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် အမတ်တနေရာ လစ်လပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မဲပေးနိုင်သူ အရေအတွက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်ကထက် ၃ ပုံ ၁ ပုံ လျော့နည်းသွားသည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းခွဲကျော်ရှိခဲ့ရာမှ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေသခံ လူဦးရေ ၉၅,၁၃၇ သာ မဲပေးနိုင်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က မဇ္စျိမသို့ ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၁၀ ကျော်က မဲရုံများ ဖျက်သိမ်း လိုက်သလို၊ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့် မရှိခြင်းနှင့် သန်းခေါင်စာရင်းရှိသူများသာ မဲပေးနိုင်သဖြင့် မဲပေးနိုင်သူဦးရေ လျော့နည်းသွားခြင်း ဖြစ်သည်ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံတဦးကပြောသည်။

“ကေအိုင်အေ တပ်စွဲထားတဲ့ နေရာတွေကို ကျနော်တို့က မကောက်ရဲဘူး။ ကောက်လိုက်ရင် ကျနော်တို့က လည်ပြတ် သွားမှာလေ။ အဲဒီမှာ (မဲစာရင်း) ဘယ်သူသွား ကောက်ရဲမှာလဲ။ နောက် အိမ်ထောင်စုရှိမှ ပေးလို့ရတယ်။ ဖားကန့်မှာနေတာ ခြောက်လကျော်မှ လျှောက်ထားခွင့် ရှိတယ်။ နည်းဥပဒေအတိုင်း ကျနော်တို့ လုပ်တာပါ။” ဟု သူက မဇ္စျိမကိုပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ၏ စည်းရုံးရေးမှူး တဦးကလည်း “ခုရွာ ၁ဝ ရွာကျော် မဲရုံ ဖျက်လိုက်တယ်။ လုံခြံုရေးကြောင့် မဲရုံမထားတော့ဘူး။ ဒီနှစ်က ယာယီအိမ်ထောင်စု စာရင်းတွေ မဲထည့်လို့ မရတော့ဘူး။ ဒါကြောင့် လျော့သွားတာပါ။” ဟု မဲစာရင်း လျော့နည်းသွားရပုံကို ပြောပြသည်။

မဲရုံ ဖျက်သိမ်းလိုက်သည့် ကျေးရွာများမှာ KIO နယ်မြေအတွင်းရှိ ကံစီးကျေးရွာ၊ လုံးခင်းကျေးရာ အုပ်စုရှိ နမ်းဆန် ၁၊ ၂၊ ၃ နှင့် ဂေါင်ရီ၊ ကထန်ရံ၊ လွယ်ဆိုင်၊ ကားမိုင်းမြို့နယ်ခွဲ လီဒိုကားလမ်းနှင့် အလှမ်းဝေးသည့် ကျေးရွာများဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဒရှီလဆိုင်းကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၂၀ တွင် မဲရုံများ ထားရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ယုဇန ကုမ္ပဏီတစ်ခုတည်းတွင်သာ မဲရုံထားရှိမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ဖားကန့်မြို့နယ်၌ မဲရုံပေါင်း ၁၁၀ ရှိခဲ့သော်လည်း ယခုနှစ်တွ မဲရုံ ၄၀ နီးပါး လုံခြံုရေးအရ ဖျက်သိမ်းလိုက်သဖြင့်  မဲရုံ ရ၁ ရုံသာ ရှိမည်ဖြစ်သည်။

ထို့အပြင် လွဲမှားနေသော မဲစာရင်းများလည်း ရှိနေခြင်းကြောင့် ပြန်လည်ပြင်ဆင်ရန် ခရိုင်ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဦးဒရှီလဆိုင်း က ပြောသည်။

ဖားကန့်မြို့နယ်၌ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရခဲ့သော်လည်း လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲ မဲစားရင်းတွင် မပါဘဲ ဖြစ်နေသူ ၁,၀၀၀ နီးပါးခန့် ရှိနေသည်ဟုလည်း NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးဟန်မြင့်က ဆိုသည်။

ဦးဒရှီလဆိုင်းနှင့် ယှဉ်ပြိုင်ဖက်များမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းသိန်းထွန်း နှင့် NDF ပါတီမှ ဒေါ်ဘောက်ဂျာ တို့ဖြစ်သည်။

ဖားကန့်ဒေသခံ ပြည်သူများသည် မိမိတို့၏ စားဝတ်နေရေးပြဿနာ ဖြေရှင်းနေရသဖြင့် မဲပေးရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ဒေါ်ဘောက်ဂျာ၏ စည်းရုံးရေးမှူးက မဇ္စျိမကို ပြောသည်။

“ပြည်သူလူထုက စားဝတ်နေရေးကြောင့် စီးပွားရေးရှာနေရတဲ့အတွက် သူတို့အပြောအဆို တခုကတော့ ဘယ်သူပဲ တက်တက် ကိုယ့်ရဲ့စားဝတ်နေရေး ကိုယ်ပဲရှာနေရလို့ နိုင်ငံရေးကို ဘာမှ စိတ်မဝင်စားကြပါဘူး။”ဟု ပြောသည်။

Most read this week